ကျောက်မီးသွေးတွင်းပြိုကျမှုကြောင့် ပိတ်မိနေသော အလုပ်သမားများကို ကယ်ဆယ်ရန် ကြိုးစားနေ

ကျောက်မီးသွေးတွင်းပြိုကျမှုကြောင့် ပိတ်မိနေသော အလုပ်သမားများကို ကယ်ဆယ်ရန် ကြိုးစားနေ
ဓာတ်ပုံ မင်းလှမြို့မရဲစခန်း

မကွေး၊ သြဂုတ် ၂၆ ။            ။ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဆပ်ပြာတောင်ကျေးရွာအုပ်စု ဆပ်ပြာကျေးရွာအနီးရှိ ကျောက်မီးသွေး တွင်း ပြိုကျမှုကြောင့် ပိတ်မိနေသော အလုပ်သမားလေးဦးကို ကယ်ဆယ်နိုင်ရန် ကြိုးစားနေကြောင်း မင်းလှ မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကို ကပြောသည်။ 


မင်းလှမြို့နယ် ၊ ဆပ်ပြာကျေးရွာအနီးရှိ အင်ကြင်းတောင် ကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီလီမီတက်မှ တူးဖော် လုပ်ကိုင်နေသည့် ကျောက်မီးသွေးတွင်း၌ မြေပြိုကျမှုတစ်ခုကို သြဂုတ်လ ၂၅ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ပြီး အလုပ်သမား(၄)ဦးပိတ်မိနေကြောင်း မင်းလှမြို့မရဲစခန်းက သိရသည်။


“ရေစုပ်လို့တော့ ပြီးသွားပြီ ပြောတယ်။မြေမြိုပြီးတော့ တွင်းပေါက်ဝ ပိတ်သွားတဲ့အတွက် လူကတော့ ညနေလောက်မှ ရမယ်ထင်တယ်။ပိတ်မိနေတာ လေးယောက်ပါ”ဟု ဦးအောင်ကို ကပြောသည်။


ပြိုကျသွားသည့် ကျောက်မီးသွေးတွင်း၌ ပိတ်မိနေသူများမှာ မင်းလှမြို့၊မြောက်ရပ်ကွက်မှ အသက် (၁၆)နှစ် အရွယ်ရှိ ကိုအောင်ချမ်းသာ၊ မင်းလှမြို့နယ် ကျောက်ထောင်ကျေးရွာမှ အသက် (၂၀)နှစ်အရွယ် ကိုနိုင်ထက်ဦး၊ အမ်းမြို့နယ် လှကာရကျေးရွာမှ အသက် (၂၈)နှစ်အရွယ် ကိုပိုင်စိုးဝင်းနှင့် မင်းလှမြို့နယ် ကျောက်ထောင် ကျေးရွာမှ အသက် (၁၉)နှစ်အရွယ် ကိုစိုးအောင်တို့ ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။


အဆိုပါ ပိတ်မိနေသောအလုပ်သမားလေးဦးအား ကယ်ထုတ်နိုင်ရေးအတွက် ကျောက်မီးသွေးတွင်းရှိ ရေများကို ရေစုပ်စက်ဖြင့်စုပ်ယူလျက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly