ရန်ကုန် ၊ သြဂုတ် ၂၀ ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များထဲတွင် ပါဝင်ဆောင်ရွက်မှုများကို ရပ်ဆိုင်းထားသည့် ကရင်အမျိုးသား အစည်း အရုံး(KNU) မှ ကိုယ်စားလှယ်များနှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့အကြား အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုကို သြဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သည်။
KNU အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်မှုများကို ရပ်ဆိုင်းထားခြင်းသည် ပိုမိုကောင်း မွန်အောင် ဆောင်ရွက်ရန်အတွက်ဖြစ်သည်ဟု KNU အဖွဲ့ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းက ပြောဆို ခဲ့ကြောင်း ဆွေးနွေးပွဲကို တက်ရောက်သူ ဦးလှမောင်ရွှေက ဆိုသည်။
KNU ဘက်မှ ယင်းသို့ရပ်နားထားသော်လည်း အစိုးရ နှင့် အလွတ်သဘောတွေ့ဆုံမှုများမှာ ဆယ်ကြိမ်ခန့် အထိ ရှိနေခဲ့သည်။
“ဒီနေ့ဟာအပေါင်းလက္ခဏာအဆောင်ဆုံး၊ အပြေလည်ဆုံးလို့မှတ်ယူပါတယ်။ လာရကျိုးနပ်တယ် ပြောရပါမယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမြန်လာမယ်လို့ ယုံကြည်ပါတယ်” ဟု ဦးလှမောင်ရွှေက ဆိုသည်။
ယနေ့ ဆွေးနွေးပွဲကို KNU ဒုဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဖဒိုစောတာဒိုမှူး ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် ၊ ဖဒိုစောဆဲဂေ(ဗဟိုအမြဲတမ်းကော်မတီဝင်) ၊ ဖဒိုစောတောနီး((ဗဟိုအမြဲတမ်းကော်မတီဝင်) နှင့် ဖဒိုစောအယ်ကလူစေး((ဗဟိုအမြဲတမ်းကော်မတီဝင်) တို့ တက်ရောက်ခဲ့ကြသည်။
အစိုးရဘက်ကမူ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦး ၊ ဦးဇော်ဌေး ၊ ဦးလှမောင်ရွှေ၊ ဒေါက်တာကျော်ရင်လှိုင် နှင့် ဦးကျော်လင်းဦးတို့ တက်ရောက်ခဲ့ကြသည်။