နေပြည်တော်၊ သြဂုတ် ၁၅ ။ ။ ပြင်ဦးလွင်မြို့အနီး ရေချမ်းအိုးစဉ်ကျေးရွာနားမှာ ဒီကနေ့( သြဂုတ် ၁၅ ရက်)နံနက်ပိုင်းက မပစ်ခတ်ရသေးတဲ့ ရှော့ခ်တိုက်ဗုံးသီး ၁၆ လုံးကို ထပ်မံတွေ့ရှိထားတယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြောပါတယ်။
သြဂုတ် ၁၅ ရက်နေ့ကပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်မှာ ဒုဝန်ကြီးက မီဒီယာများရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာပါ။
ဒီကနေ့ နံနက်အစောပိုင်းက ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာတက္ကသိုလ်အပါအဝင် နေရာ ငါးခုကို တိုက်ခိုက်ခံခဲ့ရပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ (AA၊ TNLA ၊MNDAA) တို့ရဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုဖြစ်ပြီးနောက် နယ်မြေရှင်းလင်းစဉ်မှာ အခုလို ရှော့ခ်တိုက်ဗုံးသီးတွေ ထပ်မံ တွေ့ရှိခဲ့တာပါ။
တိုက်ခိုက်ခံရတဲ့နေရာ ငါးနေရာမှာ ပြင်ဦးလွင်မှ တပ်မတော်နည်းပညာ တက္ကသိုလ် အပါအဝင်၊ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်(X Ray စက်)နှင့် နောင်ချိုမှ တပ်ရင်းဌာနချုပ် ၊ နောင်ချိုမြို့အဝင်နားနှင့် ဂုတ်တွင်းတံတားအနီး ငါးနေရာ ဖြစ်ပါတယ်။
ဝင်တိုက်ရခြင်းနဲ့ ပတ်သက်ပြီး တပ်မတော်မှ မြောက်ပိုင်း ၃ ဖွဲ့လှုပ်ရှားရာဒေသများသို့ စစ်ရေးအရ ထိုးစစ်များ ဆက်တိုက်ဆိုသလို ပြုလုပ်လာသောကြောင့် ခုခံကာကွယ်သည့်အခြေအနေမှနေ၍ ပုံစံပြောင်း၍ ပြန်လည် တိုက်ခိုက်ရခြင်းဖြစ်တယ်လို့ TNLA ဘက်မှ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက် ရက်စွဲနဲ့ AA ၊ MNDAA ၊ TNLA ညီနောင်မဟာမိတ် သုံးဖွဲ့ ရဲ့သဘောထား ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ထားခဲ့ရာ တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းနေဆဲကာလနဲ့ အပစ်ရပ် ကြေညာထားသည့်ကာလတွင်ပါ တပ်မတော်အနေဖြင့် နေရာဒေသအသီးသီးတွင် ရန်လိုသည့်အပြုအမူများကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေကြောင်း၊ AA ကို နည်းမျိုးစုံဖြင့် တိုက်ခိုက်နေကြောင်း၊ ရခိုင်ဒေသတိုက်ခိုက်မှုများ ပြင်းထန်နေကြောင်း ၊ ဒါ့အပြင် ကိုးကန့်နှင့် တအာင်းဒေသများတွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ပြီး သြဂုတ်ပထမပတ်အတွင်း ထိတွေ့မှု ၁၀ ကြိမ်ကျော် ဖြစ်ပွားခဲ့သည်ဟု ပါရှိသည်။
ထို့ကြောင့် ညီနောင်သုံးဖွဲ့ အခြေစိုက်သောနေရာများတွင် ထိုးစစ်ဆင်မှုများအား ရပ်တန့်ရန် တောင်းဆိုထားပြီး ထိုးစစ်ဆင်နေမှုများ ဆက်လုပ်နေပါက ပေါ်ပေါက်လာမည့်နောက်ဆက်တွဲဆိုးကျိုးများမှာ စစ်တပ်ရဲ့တာဝန် ဖြစ်လိမ့်မယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။