သြဂုတ် ၂ ။ ။ ထိုင်းနိုင်ငံံ ဘန်ကောက်မြို့မှာတော့ ယနေ့ သြဂုတ် ၂ ရက် မနက်ပိုင်းမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဒဏ်ရာရသူ နှစ်ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
ယင်းနေ့ မနက်က ဘန်ကောက်မှာ ဗုံးအသေးစား ပေါက်ကွဲမှု အနည်းဆုံး နှစ်ကြိမ် ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
ယင်းမြို့မှာတော့ လက်ရှိမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေလျက်ရှိပြီး အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး မိုက်ပွန်ပဲယိုး အပါအဝင် သက်ဆိုင်ရာ နိုင်ငံတွေက တာဝန်ရှိသူတွေ တက်ရောက်နေလျက် ရှိပါတယ်။
ဘန်ကောက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေ ဖြစ်ခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်သ် ချန်အိုချာထံ သတင်းပို့ခဲဲ့ပြီးနောက် အားချင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ၎င်းက သက်ဆိုင်ရာ တာဝန်ရှိသူတွေအား ညွန်ကြားထားတယ်လို့ ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ Narumon Pinyosinwat က ပြောပါတယ်။
လက်ရှိမှာ လုံခြုံရေး ဆောင်ရွက်မှုတွေကို တင်းကျပ်လုပ်ဆောင်နေပြီး ပြည်သူတွေကိုလည်း တည်တည်ငြိမ်ငြိမ် ရှိကြဖို့ တိုက်တွန်းထားပါတယ်။
ပထမ ပေါက်ကွဲမှုတစ်ခုအတွင်း အမျိုးသမီး နှစ်ဦး ဒဏ်ရာရသွားကြောင်း သိရပါတယ်။ နောက် ဒုတိယ ပေါက်ကွဲမှုတစ်ခုကြောင့် မြို့တွင်းက အထပ်မြင့်အဆောက်အအုံတစ်လုံးအနီး မှန်တွေ အက်ကွဲသွားကြောင်း သိရပါတယ်။
လက်ရှိမှာ King Power group ပိုင် Mahanakorn tower အဆောက်အအုံအနီး ဗုံးရှင်းအဖွဲ့တွေ တပ်ဖြန့်ထားတယ်လို့ သိရပါတယ်။