အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲခံထားရတဲ့ ဘောလုံးစူပါစတား နေမာရဲ့ အမှုဟာ သက်သေအထောက်အထား လုံလောက်မှုမရှိတာကြောင့် အမှုကို ပိတ်သိမ်းလိုက်တယ်လို့ ဆောလ်ပိုလို ရှေ့နေချုပ်ရုံးက တနင်္လာနေ့က ပြောပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို (၁၅)ရက်ကြာ အကဲဖြတ်သွားမယ့် အစိုးရရှေ့နေများထံ အင်္ဂါနေ့မှာ ပေးပို့မှာဖြစ်တယ်လို့ ရှေ့နေချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောကြားခဲ့ပါတယ်။
အမှုအပေါ် နောက်ဆုံး စီရင်မှုကို တရားသူကြီးတစ်ဦးက ကိုင်တွယ်သွားမယ်လို့ သိရပါတယ်။
"ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှုဟာ ပြီးဆုံးသွားပါပြီ။ ကျမအနေနဲ့ ဒီရာဇဝတ်မှုမှာ လုံလောက်တဲ့ သက်သေလက္ခဏာတွေကို မတွေ့မြင်ခဲ့ပါဘူး။ ဒါ့ကြောင့် သံသယရှိသူကို တရားမစွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ အစိုးရရှေ့နေရုံးကို တားဆီးထားမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ ခံယူချက်အပေါ်မူတည်ပြီး ပြစ်မှုဆိုင်ရာ အမှုတစ်ခုအဖြစ် ဆက်သွားနေအုံးမှာပါ။"လို့ နေမာရဲ့ အမှုကို စုံးစမ်းစစ်ဆေးနေသူ ဂျူလီယားနား လုခ်စ် ဘီဆာကိုစ်က ပြောပါတယ်။
နေမာရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ သူ့အနေနဲ့ ရဲဘက်က ဆုံးဖြတ်ချက်အပေါ် မှတ်ချက်မပေးနိုင်ဘူးလို့ ပြောပါတယ်။ ဆောလ်ပိုလိုရဲ့တပ်ဖွဲ့ ဒီအမှုအတွက် အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ဖို့ရှိပါတယ်။
နေမာက သူဟာ မေလက ပါရီဟိုတယ်တစ်ခုမှာ ဘရာဇီးလ်အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို အပြင်းအထန် ပယ်ချခဲ့ပါတယ်။
အိပ်ယာထဲ အဝတ်အစားမပါတဲ့ ဘရာဇီးအမျိုးသမီးရဲ့ ပုံတွေအပါအဝင် အဆိုပါအမျိုးသမီးနဲ့ အပြန်အလှန် ပြောဆိုထားတဲ့ မက်ဆော့ချ်တွေကို (၇) မိနစ်စာရှိတဲ့ ဗီဒီယိုဖိုင်ကို Instagram မှာ ဇွန်လတုန်းက နေမာဟာ သူ့ကိုယ်သူ ကာကွယ်တဲ့အနေနဲ့ လွှင့်တင်ခဲ့ပါတယ်။
နေမာရဲ့ ဒီအမှုဟာ ဘရာဇီးလ် သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းမှာ မြိုင်မြိုင်ကြီး နေရာယူထားပါတယယ်။
Ref; AFP