ပါရီ၊ ဇူလိုင် ၂၉ ။ ။ ပြင်သစ်တောင်ပိုင်းမှာ မူးယစ်ဂိုဏ်းနဲ့ ဆက်နွယ်ပြီး ဖြစ်ပွားတယ်လို့ ယူဆတဲ့ ပစ်ခတ်မှုတစ်ရပ်မှာ အပြစ်မဲ့ လမ်းသွားလမ်းလာတစ်ဦး အပါအဝင် လူသုံးဦး သေဆုံးခဲ့ပြီးမှာ ရဲတပ်ဖွဲ့ဟာ သေနတ်သမားတွေနောက် လိုက်လံရှာဖွေနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
တနင်္ဂနွေနေ့ နှောင်းပိုင်းက တူလွန်ဆိပ်ကမ်းမြို့ အနောက်ပိုင်းမှာ ဖြစ်ပွားတဲ့ ဒီပစ်ခတ်မှုအတွင်းက သေဆုံးသူ နှစ်ဦးကို အာဏာပိုင်တွေအနေနဲ့ သိရှိကြောင်း ရဲက ပြောပါတယ်။
ဒါပေမယ့် အဲဒီ အပြန်အလှန်ပစ်ခတ်မှုအတွင်းမှာ စကူတာပေါ်က အသက် ၅၇ အရွယ် အမျိုးသမီးတစ်ဦးပါ သေဆုံးပြီး သူကတော့ အပြစ်မဲ့သူ လမ်းသွားလမ်းလာဖြစ်နိုင်တယ်လို့ ရဲက ဆိုပါတယ်။
“သေဆုံးသူတွေကို အတည်ပြုနိုင်ရေး လုပ်ဆောင်နေပါတယ်။ ပစ်ခတ်မှု ကျူးလွန်ခဲ့သူတွေနောက်လည်း လိုက်လံလျက်ရှိပါတယ်။”လို့ ပြည်ထဲရေးဝန်ကြီး ခရစ္စတိုဖီကာစတန်နာက တွစ်တာကနေ ရေးသားဖော်ပြပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ လူ့အသိုင်းအဝန်းကို ဒုက္ခပေးနေတဲ့ ရာဇဝတ်ဂိုဏ်းကို နှိမ်နင်းနိုင်မယ်လို့လည်း ၎င်းက ယုံကြည်စွာ ပြောဆိုပါတယ်။
သေဆုံးသူတွေထဲက ကျန်နှစ်ဦးဟာ အသက် ၂၉ နှင့် ၃၀ ရှိကြတဲ့ အမျိုးသားနှစ်ဦးဖြစ်ပြီး ၎င်းတို့နှစ်ဦးဟာ အရင် မူးယစ်ဆေးဝါးမှုတွေလည်း ရှိထားသူတွေဖြစ်ကြောင်း ရဲသတင်းရင်းမြစ်တစ်ရပ်က ပြောခဲ့ပါတယ်။