သင်္ဃန်းကျွန်း NLD ရုံးရှေ့ လက်ပစ်ဗုံးတွေ့ရှိမှုကို ရဲတပ်ဖွဲ့မှ စုံစမ်းနေဆဲဖြစ်

သင်္ဃန်းကျွန်း NLD ရုံးရှေ့ လက်ပစ်ဗုံးတွေ့ရှိမှုကို ရဲတပ်ဖွဲ့မှ စုံစမ်းနေဆဲဖြစ်

ရန်ကုန်၊ ဇူလိုင် ၂၅ ။        ။ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်ရပ်ကွက်ရှိ NLD ပါတီရုံးရှေ့တွင် လက်ပစ်ဗုံး တစ်လုံး တွေ့ရှိခဲ့ခြင်းအပေါ် ရဲတပ်ဖွဲ့မှ စုံစမ်းနေဆဲဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင် ၂၄ ရက်၊ နံနက် ၆ နာရီဝန်းကျင်က သင်္ဃန်းကျွန်းမြို့နယ်၊ မလိခအိမ်ရာဝင်းအနီး မလိခအိမ်ရာလမ်းပေါ်ရှိ ပါတီရုံးရှေ့တွင် အမှိုက်သိမ်းသည့်စည်ပင်ဝန်ထမ်းက စတင်တွေ့ရှိခဲ့ခြင်းလည်း ဖြစ်သည်။

“ အမှုက မဖွင့်သေးဘူးဗျာ။ မနေ့က သတင်းမှာတင်ထားတဲ့ဟာပဲ သိသေးတယ်။ ကျန်တာ မသိသေးဘူး။ စုံစမ်းစစ်ဆေးတုန်းပါခင်ဗျ။ လူကြီးတွေကိုယ်တိုင် စုံစမ်းစစ်ဆေးနေပါတယ်ခင်ဗျ။ ရဲတပ်ဖွဲ့က လူကြီးတွေရော ၊ ဒီပြင်လူကြီးတွေရောပေါ့။ မြို့နယ်မှူးက အဲဒီမှာ ကိုယ်တိုင် ပါဝင်ဆောင်ရွက်နေတယ်ခင်ဗျ” ဟု သင်္ဃန်းကျွန်းမြို့နယ်စခန်းမှူးက မဇ္စျိမသို့ ဖုန်းဖြင့် ဖြေဆိုသည်။

တွေ့ရှိသည့် လက်ပစ်ဗုံးကို သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ဖြုတ်ယူသိမ်းဆည်းသွားခဲ့သော်လည်း နှစ် ရက်ကြာသည့်အထိ လက်ပစ်ဗုံးအမျိုးအစားကို တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိသေးပေ။

အနီးနားပတ်ဝန်းကျင်ရှိ တပ်ဆင်ထားသော CCTV ကို ရဲတပ်ဖွဲ့မှ ယူဆောင်စစ်ဆေးနေကြောင်း၊ သံသယ ရှိတဲ့သူကို ဖမ်းမိနိုင်လိမ့်မည်ဟုလည်း ဘဝမြင့်ရပ်ကွက် NLD ပါတီ ဥက္ကဋ္ဌ ဦးအေးဝင်းက မဇ္စျိမကို ပြောသည်။

ယင်းကဲ့သို့ ပါတီရုံးရှေ့တွင် လက်ပစ်ဗုံးတွေ့ရှိခြင်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြုလုပ်နေသည့် ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို မလိုလားသောလူတချို့က ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း ဘဝမြင့်ရပ်ကွက် NLD ပါတီ က သုံးသပ်သည်။

 “ ကျွန်တော်တို့ သုံးသပ်လို့ရတာတော့ ကျွန်တော်တို့ပါတီကနေပြီး နိုင်ငံတော်က ဦးဆောင်ပြီးပေါ့။ ငြိမ်းချမ်းရေးရဖို့ ဥပဒေတွေ ပြင်တယ်၊ ဆင်တယ်။ အဲ့ဒီအပေါ်မှာ ဥပဒေပြင်တာ၊ ဆင်တာကို မကြိုက်တဲ့လူတွေ၊ ဥပဒေပြင်ဆင်တာကို မလိုလားတဲ့လူတစ်စုကနေပြီး ဒီလိုတမင်သက်သက်ကျွန်တော်တို့ကို အကွက်ကျကျ အကွက်စေ့စေ့၊ ထိတ်လန့်အောင် ခြောက်လန့်တယ်ပေါ့။ ဒီလိုသဘောမျိုးပဲမြင်တယ်” ဟု ဘဝမြင့်ရပ်ကွက် NLD ဥက္ကဋ္ဌ ဦးအေးဝင်း က ဆိုသည်။

ဇူလိုင် ၂၅ ရက် ညနေပိုင်း နောက်ဆုံးအခြေအနေအရ သက်ဆိုင်ရာရဲတပ်ဖွဲ့တာဝန်ရှိသူများအပြင် အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့်ပါ သံသယတရားခံကို ပူးပေါင်းစုံစမ်းနေသည်ဟု ဆိုသည်။

သို့သော် လက်ရှိအချိန်အထိ သံသယတရားခံ မည်သူမည်ဝါ မသိရှိရသေးဘဲ အမှု ဖွင့်ထားခြင်း မရှိသေးကြောင်း သိရကာ ဆက်လက်စုံစမ်းနေသည်ဟုသာ ရဲတပ်ဖွဲ့ဘက်မှ ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required