အာဆီယံအိမ်ခြံမြေမိတ်ဖက်အဖွဲ့၏ ဆွေးနွေးမှုနှင့် ပြပွဲကျင်းပမည်

အာဆီယံအိမ်ခြံမြေမိတ်ဖက်အဖွဲ့၏ ဆွေးနွေးမှုနှင့် ပြပွဲကျင်းပမည်
ဓာတ်ပုံ - ဖူးအိအိနွယ်

ရန်ကုန်၊ဇူလိုင် ၂၄ ။          ။ အိမ်ခြံမြေစီးပွားရေးကဏ္ဍကို မြှင့်တင်သွားမည့် အာဆီယံအိမ်ခြံမြေမိတ်ဖက်အဖွဲ့၏ ဆွေးနွေးမှုနှင့်ပြပွဲ ACE 2019 ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)မှ ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောသည်။

“ကျွန်တော်တို့ရဲ့ အဓိကအဖြေက အားလုံးပေါင်းပြီးတော့ အိမ်ခြံမြေစီးပွားရေးကဏ္ဍတွေကို မြန်မာနိုင်ငံ မှာလည်း မြန်မာနိုင်ငံအလျှောက်၊ သက်ဆိုင်ရာ အာဆီယံနိုင်ငံတွေမှာလည်း အာဆီယံနိုင်ငံတွေအလျှောက် ရောင်း၊ ဝယ်၊ ငှားတွေကို မြှင့်တင်ပေးတဲ့ ရည်ရွယ်ချက်ပါ” ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)က ACE 2019 အတွက် သတင်းစာရှင်းလင်းပွဲကို ဇူလိုင်လ ၂၄ ရက်နေ့က ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အိမ်ခြံမြေစီးပွားရေးကဏ္ဍ ဘက်စုံတိုးတက်လာရေးအတွက် အာဆီယံနိုင်ငံများ ပါဝင်ဖွဲ့စည်းထားသည့် ARENA ၏ အဖွဲ့ဝင်နိုင်ငံများက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ပြပွဲကို ကျင်းပခဲ့ကြပြီး ယခု၂ဝ၁၉ ခုနှစ်အတွက် မြန်မာနိုင်ငံမှ အလှည့်ကျတာဝန်ယူကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။ ACE 2019 တွင် အာဆီယံ ၈ နိုင်ငံမှ အဖွဲ့ဝင်များအပြင် အမေရိကန်၊ ပြင်သစ်၊ ကိုရီးယားနိုင်ငံများမှလည်း ပါဝင်သွားမည်ဟု သိရသည်။

“သူတို့ ဒီကိုလာတဲ့အခါမှာ project ကြီးတွေ၊ မြေတွေ၊ နေရာတွေ ကြည့်မယ်။ ပြီးရင် သက်ဆိုင်ရာ ပုဂ္ဂလိကနဲ့သော်လည်းကောင်း၊ နိုင်ငံနဲ့သော်လည်းကောင်း ချိတ်ဆက်ပြီးတော့ မြန်မာပြည်မှာ အိမ်ခြံမြေ ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမယ့် အခြေအနေအရှိန်မျိုးတွေ ရသွားအောင်ကို ဘက်စုံထောင့်စုံပြင်ဆင်လာတဲ့ ပွဲတစ်ပွဲပါ။ ဒီပြင်ဆင်လာမှုရဲ့ ရလဒ်တွေဟာလည်း ကျွန်တော်တို့ နိုင်ငံမှာ လှုပ်ခတ်သွားမယ်လို့ ကျွန်တော်မြင်ပါတယ်” ဟု ၄င်းက ဆက်ပြောသည်။

ACE 2019 ကို ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်တွင် သြဂုတ်လ ၂၃၊၂၄ရက်နေ့တို့၌ နှစ်ရက်ကြာ ကျင်းပ သွားမည်ဖြစ်ပြီး အိမ်ခြံမြေစီးပွားရေးကဏ္ဍအတွက် ခေတ်နှင့်လျော်ညီသော နည်းပညာအသုံးပြုမှုများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required