ဇူလိုင် ၂၃ ။ ။ မလေးရှားနိုင်ငံမှာ ရှိတဲ့ ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟု ဖော်ပြ) အခြေပြုတဲ့ ငွေညှစ်ဂိုဏ်းအဖွဲ့တစ်ခုက ARSA အကြမ်းဖက်သမားတွေထံ ဒေါ်လာငွေ ထောင်ပေါင်းများစွာ ပံ့ပိုးထောက်ပံ့ပေးခဲ့တယ်လို့ မလေးရှား ရဲတပ်ဖွဲ့ အကြီးတန်း အရာရှိတစ်ဦးက ပြောကြောင်း RFA က ဖော်ပြပါတယ်။
၂၀၁၉ ခုနှစ်ထဲမှာ ယင်း ငွေညှစ်အဖွဲ့က ARSA ထံ ရင်းဂစ် ၈၀,၀၀၀ ( ကန်ဒေါ်လာ ၁၉,၄၅၀) ခန့် လွှဲပေးလိုက်တာကို မလေးရှား အာဏာပိုင်တွေ စုံစမ်းသိရှိခဲ့ကြောင်း မလေးရှား ရဲတပ်ဖွဲ့အောက်ရှိ အကြမ်းဖက် နှိမ်နင်းရေးတပ်ဖွဲ့ကို ဦးဆောင်နေတဲ့ အေယော့ဘ် ခန် မိုင်ဒင် ပစ်တ်ချေးက ပြောပါတယ်။
ယင်းငွေကြေးတွေကိုတော့ “hawala” လို့ ခေါ်တဲ့ ငွေလွှဲစနစ်တစ်ခုကနေတဆင့် ပေးပို့လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီငွေကြေးတွေကိုတော့ မလေးရှားမှာ နေထိုင်တဲ့ ဘင်္ဂါလီတွေဆီကနေ ကောက်ခံရယူခဲ့တာဖြစ်ကြောင်း အေယော့ဘ်က ပြောပါတယ်။
“တကယ်တော့ သူတို့က ကြောက်ပြီး သူတို့ ပိုက်ဆံတွေကို ပေးခဲ့ကြတာပါ။ တစ်ချို့ကတော့ ARSA ရဲ့ တိုက်ခိုက်မှုတွေကို ယုံကြည်ကြတယ်လေ။ တစ်ချို့ကတော့ မယုံကြပါဘူး။ ဒါပေမယ့် သူတို့ ခြိမ်းခြောက်ခံရတော့လည်း မဖြစ်မနေ ပေးရတော့တာပေါ့။” လို့ အေယော့ဘ်က ပြောသွားခဲ့ပါတယ်။