အစ္စတန်ဘူလ်၊ ဇူလိုင် ၂၀ ။ ။ ပါကစ္စတန်နိုင်ငံရဲ့ စီးပွားရေး ကပ်ဆိုက်နေတဲ့ အကျပ်အတည်းကို ဆန့်ကျင်ပြီး အငြင်းပွားဖွယ် ဘာသာရေးနွယ်တဲ့ နိုင်ငံရေးပါတီ ဂျာမတ်အီအစ္စလာမ်မီ JI ပါတီက ဦးစီးဦးဆောင်ပြုပြီး ထောင်ပေါင်းများစွာရှိတဲ့ လူအင်အားက စုရုံးဆန္ဒပြကြပါတယ်။
ငွေကြေးဖောင်းပွမှု တစ်ဟုန်ထိုးမြင့်မားနေတဲ့ နိုင်ငံမှာ ခရစ်ကက်ကစားသမားဟောင်း အမ်မရန်ခန်း ဦးဆောင်တဲ့ အစိုးရဟာလည်း တစ််နှစ်ကျော် သက်တမ်းပဲ ရှိသေးတာ ဖြစ်ပါတယ်။
ငွေကြေးဖောင်းပွမှု မြင့်တက်တာနဲ့အတူ အခြေခံကုန်စည်တွေရဲ့ တန်ဖိုးဟာလည်း မြင့်တက်နေလျက် ရှိပါတယ်။
“ဆန္ဒပြ စုရုံးချီတက်မှုမှာ လူငယ််တွေ ထောင့်ပေါင်းစုံကနေ ပါဝင်လာတာကို အများအပြား တွေ့ရတယ်။ ဘာကြောင့်လည်းဆိုတော့ လူငယ်တွေဟာ လက်ရှိ အာဏာရအစိုးရ PTI ရဲ့ အယုံသွင်းမှုကို ခံစားခဲ့ကြရလို့ပဲ။”လို့ ဂျာမတ်အီအစ္စလာမ်မီပါတီ ခေါင်းဆောင် ဆီရာဂျူ့ဟက်ခ်က ပြောပါတယ်။
ပါကစ္စတန်ရဲ့ စီးပွားရေးချွတ်ခြုံကျမှုနဲ့အတူ အကြွေးဝန်ပိနေတာကြောင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က နိုင်ငံကြွေးမြီထဲ အမေရိကန််ဒေါ်လာ ၆ ဘီလီယံကို ယာယီ စိုက််ထုတ်ပေးပြီး ဘဏ္ဍာရေးစီမံခန့်ခွဲမှုမှာ ပါဝင်စွက်ဖက်တော့ဖို့လည်း ရှိနေပါတယ်။
ပါကစ္စတန််နိုင်ငံ တင်ရှိနေတဲ့ ကြွေးမြီပေါင်း ၃၇ ဒသမ ၃၅၉ ဘီလီယံမှာ တရုတ်ရဲ့ ကြွေးမြီက ၁၄ ဒသမ ၆၈၂ ဘီလီယံ ရှိပြီး အဓိကကတော့ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်လမ်းမကြီး တည်ဆောက်ရေးစီမံကိန်းကြောင့် တင်ရှိတာပဲ ဖြစ်ပါတယ်။