ရန်ကုန်၊ ဇူလိုင် ၁၆ ။ ။ ဝါဆိုလပြည့်နေ့အထိမ်းအမှတ်အဖြစ် ပန်းချီပြပွဲတစ်ရပ်ကို ယနေ့ ဇူလိုင် ၁၆ ရက်နေ့က အိန္ဒိယသံရုံးမှာ ပြသခဲ့ပါတယ်။
“ ဒီနေ့ကျင်းပတဲ့ အိန္ဒိယသံရုံးနဲ့ Asia Art Connect တို့ ပူးပေါင်းကျင်းပတဲ့ပွဲ ဖြစ်ပါတယ်။ မြန်မာလတွေထဲမှာ စတုတ္တမြောက်ဖြစ်တဲ့ ၀ါဆိုလပြည့်နေ့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုထူးခြားတဲ့နေ့မှာ ဘာသာရေးနဲ့ ဆက်နွှယ်တဲ့ပန်းချီကားတွေကို ယခုလိုပြသထားတာ ဖြစ်ပါတယ်။ ပွဲကျင်းပတဲ့ရည်ရွယ်ချက်ကတော့ ကျွမ်းကျင်တဲ့ပန်းချီပညာရှင်များကို သူတို့ ပန်းချီပညာတိုးတက်မြင့်မားစေရေးအတွက် ပြသထားခြင်း ဖြစ်ပါတယ်။ လပြည့်နေ့အခါသမယမှာကျင်းပရတဲ့အတွက် အထူးပဲ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက ပြောပါတယ်။
ဝါဆိုလပြည့်နေ့အမည်ရှိတဲ့ အဲ့ဒီပန်းချီပြပွဲမှာတော့ ပန်းချီဆရာ ၇ ဦး ရေးဆွဲထားတဲ့ ပုဂံဘုရားစေတီပုံ၊ မြောက်ဦးရှိ စေတီပုထိုးများပုံ၊ ရွှေတိဂုံစေတီတော်ပုံ သရုပ်ဖော်ထားတဲ့ ၁၆ ကားကို တစ်ရက်တာ ပြသခဲ့တာပါ။
“ အရမ်းပေါ့။ ပြောမပြတတ်အောင် ဝမ်းသာတယ်။ ဆွဲထားတာ အဆင်သင့်လေးကလည်း ပုဂံ ပန်းချီကားလေး ဖြစ်တယ်။ မြောက်ဦးကားလေးလည်းဖြစ်တယ်။ အခုဖြစ်နေတဲ့ကာလနဲ့ ကိုက်ညီသွားတယ်ပေါ့။ ယူနက်စကိုလည်းဝင်သွားတော့ အရမ်းဝမ်းသာပါတယ်” လို့ ပန်းချီဆရာမ ဒေါ်မြင့်မြင့်လွင် က ပြောပါတယ်။
ပန်းချီတွေကို အခရိုင်းလစ်ဆေး၊ ရေဆေး၊ ဆီဆေးပန်းချီကားတွေနဲ့ ရေးဆွဲထားတာဖြစ်ပြီး အိန္ဒိယသံရုံးနဲ့ Asia Art Connect တို့ ပူးပေါင်းစီစဉ်ခဲ့တာဖြစ်ပါတယ်။