ဇူလိုင် ၉ ။ ။ တရုတ်ပြည်မကြီးထံ တရားခံ လွှဲပြောင်းပေးခြင်းကို ခွင့်ပြုမယ့် အငြင်းပွားဖွယ် ဥပဒေမူကြမ်းကတော့ ယခုအခါ အသက်မဝင်တော့ဘဲ ပြီးဆုံးသွားပြီလို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကာရီလမ်က ထုတ်ဖော်ကြေညာသွားခဲ့ပါတယ်။
ဒီ ဥပဒေကြမ်းနဲ့ပတ်သက်လို့ သူမတို့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ လုံးလုံးလျားလျား မအောင်မြင်တော့ပါဘူးလို့ မစ္စ လမ်က ဇူလိုင် ၉ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောသွားပါတယ်။
သို့ပေမယ့်လည်း ဆန္ဒပြသူတွေဘက် တောင်းဆိုနေသလို ယင်း ဥပဒေမူကြမ်းကို လုံးလုံးလျားလျား ရုပ်သိမ်းဖို့ကိုတော့ သူမက ပြောဆိုသွားခြင်းမရှိပါဘူး။
ခုချိန်မှာ ဒါနဲ့ပတ်သက်လို့ အစိုးရအပေါ် သံသယရှိနေဆဲဆိုပေမယ့် ဒီ မူကြမ်းကတော့ ပြီးဆုံံးသွားပါပြီလို့ ကာရီလမ်က ပြောသွားပါတယ်။
ခုလို ဟောင်ကောင် ခေါင်းဆောင်ဖြစ်သူရဲ့ပြောကြားချက် ထွက်ပေါ်လာပေမယ့်လည်း ဆန္ဒပြသူတွေဘက်ကတော့ ဒီပြောကြားချက်ကို လက်မခံဘဲ နောက်ထပ် စုရုံးဆန္ဒပြမှုတွေ လုပ်သွားဦးမယ်လို့ ကြုံးဝါးသွားပါတယ်။
ဟောင်ကောင်မှာ ယင်း အငြင်းပွားဖွယ် ရာဇဝတ်သား လွှဲပြောင်းရေး ဥပဒေမူကြမ်းကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်ကာလတွေအတွင်း အကြီးအကျယ် ဆန္ဒပြမှုတွေနဲ့အတူ မငြိမ်မသက်ဖြစ်နေလျက် ရှိပါတယ်။