ဇူလိုင် ၈ ။ ။ အင်ဒိုနီးရှားနိုင်ငံမှာ ဇူလိုင် ၇ ရက်က ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ အားပြင်းငလျင်တစ်ခု လှုပ်ခဲ့ပြီး အရေးပေါ် ဆူနာမီသတိပေးချက်တစ်ရပ် ရုတ်တရက် ထုတ်ခဲ့ရကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာရေး အဖွဲ့က ထုတ်ပြန်ပါတယ်။
ငလျင်လှုပ်ပြီး ဆူနာမီ သတိပေးချက် ထွက်ပေါ်လာတဲ့အတွက် ထိတ်လန့်နေကြတဲ့ ဒေသခံတွေ အမြင့်ပိုင်းကျတဲ့ ကုန်းမြင့်တွေဘက် အားချင်းထွက်ပြေးခဲ့ကြရပါတယ်။
ယခုအခါမှာတော့ ဆူနာမီ သတိပေးချက်ကို ပြန်ရုပ်ထားလိုက်ပြီး ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိအချိန်ထိ သေဆုံး၊ ပျက်စီး သတင်းတွေ ပေါ်ထွက်ခြင်း မရှိသေးပါဘူး။
ပစိဖိတ် သမုဒ္ဒရာအတွင်း ငလျင်နှင့် မီးတောင်ပေါက်ကွဲမှု အများဆုံး ဖြစ်ပွားရာ ဧရိယာအတွင်း ရှိနေတဲ့ အင်ဒိုနီးရှားကတော့ ကမ္ဘာမှာ သဘာဝဘေးအန္တရာယ် ထိခိုက်ကြုံတွေ့ရမှု အများဆုံး နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေအတွင်း ငလျင်တွေနဲ့ ဆူနာမီတွေကြောင့် လူအသက် ထောင်ပေါင်းများစွာကို ဆုံးရှုံးထားစေခဲ့ပြီး ဖြစ်ပါတယ်။
တနင်္ဂနွေနေ့က လှုပ်ခဲ့တဲ့ ငလျင်ကတော့ ဆူလာဝေစီ နဲ့ မာလူကူ ကျွန်းစုအကြားက မာနာဒိုမြို့အရှေ့တောင်ဘက် ၁၈၅ ကီလိုမီတာအကွာ မိုလက်ကာ ပင်လယ်တွင်းရှိ ၂၄ ကီလိုမီတာ အနက်ကို ဗဟိုပြုလှုပ်သွားခဲ့ခြင်း ဖြစ်ပါတယ်။