ရန်ကုန်၊ ဇူလိုင် ၂ ။ ။ သတ်မှတ်ဒေသများတွင်သာ အခြေချလှုပ်ရှားရန် ပါရှိသော ပဏာမအပစ်ရပ်စဲစာချုပ်(မူကြမ်း) အဆိုပြုချက်အား မြောက်ပိုင်း ၄ ဖွဲ့သို့ ပေးပြီးနောက် ထပ်တိုး အပစ်ရပ် ၂ လကို ယခင်ကထက် ထိထိရောက်ရောက် ပိုမိုအသုံးပြုရန် တပ်မတော်ဘက်မှ ဇူလိုင် ၁ ရက်တွင် တိုက်တွန်းချက် ထုတ်လိုက်သည်။
ပြီးခဲ့သည့် ဇွန် ၃၀ ရက် မိုင်းလားအထူးဒေသ (၄)၏ နှစ် ၃၀ ပြည့်အခမ်းအနားပွဲကျင်းပစဉ် Oriental Hotel ၌ တပ်မတော်နှင့် PC ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်များ ပူးတွဲအဆိုပြုချက်ကို AA၊ KIA၊ MNDAA၊ TNLA ကိုယ်စားလှယ်များသို့ ပေးအပ်ခဲ့ပြီးနောက် တပ်မတော်မှ တိုက်တွန်းချက် ထပ်မံ ထွက်ရှိလာခြင်း ဖြစ်သည်။
“ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်” အားတည်ဆောက်ရာတွင် မည်သည့် အဖွဲ့အစည်း၊ မည်သည့်လူပုဂ္ဂိုလ်မဆို ၎င်းတို့၏ လိုအင်ဆန္ဒများကို ဒီမိုကရေစီ နည်းလမ်းတကျသာ တောင်းဆို ရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီလမ်းစဉ်၏ ဆန့်ကျင်ဘက်ဖြစ်သော လက်နက်စွဲကိုင်၍ တောင်းဆိုခြင်းများကြောင့် ဖြစ်ပေါ်လာသည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများအား ဖြေရှင်းနိုင်ရေးသည် တွေ့ဆုံ ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဟု တပ်မတော်က ယုံကြည်ကြောင်း ပါရှိသည်။
ဇွန် ၃၀ ရက်က ပေးသော အဆိုပြုချက်ထဲတွင် မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA) အနေဖြင့် ဟုန်အိုင်းနယ် ထဲတွင်သာ လှုပ်ရှားရန်၊ တအာင်းအမျိုးသားတပ်မတော် (TNLA) အနေဖြင့် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲတွင်သာ လှုပ်ရှားရန်၊ ရက္ခိုင့်တပ် (AA) အနေဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ကချင်ပြည်နယ်) ထဲဲရှိ ဌာနချုပ်နှင့် တပ်ရင်း တပ်ဖွဲ့များ အခြေချလှုပ်ရှားရန်တို့ ပါဝင်သည်။
ယင်းအဆိုပြုချက်အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် သတ်မှတ်နယ်မြေတွင်သာ အခြေချ လှုပ်ရှားရမည်ဖြစ်ပြီး လက်ရှိတွင် AA သည် ရခိုင်ပြည်နယ်ထဲတွင် လှုပ်ရှားနေခြင်း၊ TNLA မှ နယ်မြေ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှုများ လျှော့ချရမည် ဖြစ်သည်။
ယင်းမြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များသည် အပစ်ရပ် NCA ရေးထိုးထားခြင်းမရှိဘဲ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်သည်။
တပ်မတော်ဖက်မှအဆိုပြုချက်များမှာ မြောက်ပိုင်းလက်နက်ကိုင် တိုင်းရင်းသား (၄) ဖွဲ့အတွင်း အကြိတ်အနယ် ဆွေးနွေးရဖွယ်လည်း ရှိနေကြောင်း နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးလေ့လာသုံးသပ်သူများက ထင်မြင်ယူဆနေကြသည်။
အထက်ပါအချက်များကိုသဘောတူပါက တပ်မတော်ဘက်မှ တပ်များကို ဖယ်ပေးမည့်အကြောင်းအပါအဝင် သဘောတူပြီး ရက်ပေါင်း ၉၀ အတွင်း NCA လက်မှတ်ထိုးရန်တို့ပါ ပါဝင်နေသည်ဟု TNLA အတွင်းရေးမှူး ဗိုလ်မှူးကြီး တာ့ဖုန်းကျော် က ပြောသည်။
“ သက်ဆိုင်ရာဒေသကနေ မြန်မာ့တပ်မတော်ရဲ့ ဒေသခံနယ်မြေ အခြေချလှုပ်ရှားတပ်ကလွဲလို့ ဝင်ရောက်နေတဲ့ တပ်မတွေ၊ စကခတပ်တွေ ပြန်ဖယ်ပေးမယ်။ ဒါတွေ ဆွေးနွေးသဘောတူနိုင်ရင် ရက်ပေါင်း ၉၀ အတွင်း NCA စာချုပ်ကို လိုက်ပါ လက်မှတ်ထိုးနိုင်ရေး လုပ်ကြပါမယ်။ ဒါက မြန်မာအစိုးရတပ်မတော်ရဲ့ ပဏာမအပစ်ရပ်စာချုပ်ရဲ့ အဓိကအဆိုပြုချက်ပါ” ဟု TNLA အတွင်းရေးမှူး ဗိုလ်မှူးကြီး တာ့ဖုန်းကျော်က ပြောသည်။
KIA မှ ဗိုလ်မှူးကြီးနော်ဘူက “ မြောက်ပိုင်းနဲ့ တွေ့မယ်ဆိုတော့ ကျွန်တော်တို့ လူကြီးတစ်ယောက် သွားတက်တာပေါ့။ သွားထိုင်တာပေါ့ကွာ။ ဆွေးနွေးတဲ့အပိုင်းတွေ ဘာမှမပါဘူး။ သူက ပေးလိုက်တဲ့ စာတွေအားလုံးက ဌာနချုပ်ရောက်မှပဲ ပြန်ပေးရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ထို့ကြောင့် KIA အနေဖြင့်ကတော့ တပ်မတော်၏ ပဏာမအပစ်ရပ်စဲစာချုပ် (မူကြမ်း) အဆိုပြုချက်အား ဌာနအတွင်း ဆွေးနွေးပြီးမှသာ ထင်မြင်ချက်ပေးနိုင်မည်ဟု ၎င်းက ဆိုသည်။
၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် တပ်မတော်မှနေ၍ တတိယအကြိမ် ထုတ်ပြန်ကြေညာ၍ အပစ်ရပ်ခဲ့ခြင်း ဖြစ်ပြီး ယခင် ၂ ကြိမ်က အပစ်ရပ်ထားစဉ် တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းများမှာ ခရီးမရောက်ခဲ့ကြောင်း ဇူလိုင် ၁ ရက် တိုက်တွန်းချက်တွင် ဖော်ပြထားကာ ယခုကာလကို ငြိမ်းချမ်းရေးအတွက် ထိထိရောက်ရောက် သုံးရန် တိုက်တွန်းချက်တွင် ထည့်သွင်းထားသည်။