ရန်ကုန် ၊ ဇူလိုင် ၂ ။ ။ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှာ ပိုမိုအားကောင်းလာကာ နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင် ၂ ရက်နေ့ နံနက်ပိုင်းက သတင်းထုတ်ပြန်သည်။
အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့်ဆက်စပ်နေသည့် အိန္ဒိယနိုင်ငံ၊ သြရိသကမ်းခြေတွင် ဖြစ်ပေါ်နေခြင်းလည်းဖြစ်သည်။
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ကချင် ၊ မွန် ၊ ရခိုင် နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုး/ဇလမှ သတိပေးထုတ်ပြန်ထားသည်။
ယင်းအပြင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် နေရာကွက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်စေသည့် မိုးတိမ်တောင်အန္တရာယ်မြင့်မားနေကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။
မိုးသက်လေပြင်းကျစဉ် မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် မိုင် ၄ဝအထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၉ ပေ မှ ၁၃ ပေခန့်အထိ ရှိနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ ကမ်းနီးကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သဘောင်္များအနေဖြင့် ကြိုတင်သတိထားပြုကြရန် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားရေးမှု ဦးစီးဌာနမှ အကြံပြုထားသည်။