ဇူလိုင် ၁ ။ ။ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှာ ဇူလိုင် ၁ ရက် အစောပိုင်းက ပြင်းထန်တဲ့ ကားဗုံးပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ခဲ့လို့ အနည်းဆုံး လူ တစ်ဦး သေဆုံးပြီး ၆၅ ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
ယင်း ကားဗုံးခွဲတိုက်ခိုက်မှုကတော့ တာလီဘန်တို့ လက်ချက်လို့ သိရပါတယ်။
ဒဏ်ရာရသူတွေထဲမှာ ကလေးငယ် အများအပြား ပါဝင်တယ်လို့ ဆေးရုံ ထုတ်ပြန်ချက်တစ်စောင်အရ သိရပါတယ်။
အာဖဂန် မြို့တော်ရဲ့ အနီးအနားက ပူလီ မာမုဒ် ခန် ရပ်ကွက်မှာ ယင်းဗုံးကွဲမှုကြောင့် မနက်ပိုင်း ရုံးတက်ချိန် မီးခိုးလုံးကြီးတွေ တက်နေတာကို အဝေးကနေ လှမ်းမြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် ယင်းနေရာကနေ ၁ ဒသမ ၂ မိုင် ကွာဝေးတဲ့နေရာမှာ ရှိတဲ့ အဆောက်အအုံတွေအထိတောင် တုန်ခါစေခဲ့တယ်လို့ ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ ကားဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် သေနတ်သမားတွေနဲ့ အစိုးရအထူးတပ်ဖွဲ့ဝင်တွေအကြား လေးနာရီကြာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။
“ အရင်ဆုံး ကားဗုံးကွဲမှု ဖြစ်တာပါ၊ ပြီးနောက် တိုက်ခိုက်ရေးသမားတွေက အဆောက်အအုံတစ်လုံးကို ဝင်စီးတယ်လေ၊ အဲဒီနောက် ရဲအထူးတပ်ဖွဲ့ဝင်တွေက အဲနေရာကို ပိတ်ဆိုပြီး သေနတ်သမားတွေကို ချေမှုန်းနေတာပါ” လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နာစရတ်သ် ရာဟီမီက ပြောပါတယ်။