ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
အစိုးမရတဲ့ ပူလိုက် အေးလိုက် မိုးရွာလိုက်ဖြစ်နေတဲ့ ရာသီဥတုဒဏ်အောက်မှာ အမှုမဲ့အမှတ်မဲ့ လှုပ်ရှားသွားလာရင်းက ခေါင်းကိုက်သလို၊ ခြေလက်တွေကိုက်ခဲသလို၊ လည်ချောင်းထဲကနာသလိုတွေဖြစ်ဖူးလား။ တစ်ခါတလေများဆိုရင် နှာစေး၊နှာပိတ်၊ချောင်းဆိုးတာတွေတောင်ဖြစ်တတ်ပါသေးတယ်။ ခန္ဓာကိုယ်က ကျန်းမာနေပေမယ့် ညဘက်လေးအိပ်ရေးပျက်ရင်တောင် တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ရာမှာ အခက်တွေ့တတ်တယ်ဆိုတော့ နေထိုင်မကောင်းတဲ့အခါမျိုးဆိုရင် တော်တေ်ာလေးစိတ်အနှောင့်အယှက်ဖြစ်စရာပါ။ အခုပြောခဲ့တာတွေ အထူးသဖြင့် လည်ချောင်းနာပြီဆိုရင်က နေထိုင်မကောင်းဖြစ်တော့မယ်ဆိုတာရဲ့ ရှေ့ပြေးဖြစ်ပါတယ်။ ဒီလိုပြဿနာတွေကြောင့် တစ်နေ့တာလုပ်ငန်းဆောင်တာတွေလုပ်ဆောင်ရာမှာ အနှောင့်အယှက်မဖြစ်ချင်သူတွေအတွက် ဒီဆောင်းပါးလေးကနေတဆင့် သတင်းကောင်းပါးပါရစေ။
ဒီအချက်တွေကြောင့်လည်ချောင်းနာတာ၊ ချောင်းဆိုးတာဖြစ်နိုင်ပါတယ်
လည်ချောင်းနာတာကိုဖြစ်စေတဲ့ အကြောင်းအရင်းကတစ်ခုမကဖြစ်နိုင်ပါတယ်။ လည်ချောင်းနာတာကို အများဆုံးဖြစ်စေတဲ့ အချက်တွေကတော့ –
-
တုပ်ကွေးဖြစ်တာ - အအေးမိဖျားနာဖြစ်တာ
- ရေကျောက်ပေါက်တာ
- ဓာတ်မတည့်တဲ့အရာတစ်ခုခုနဲ့ထိတွေ့မိတာ
- ပတ်ဝန်းကျင်ကခြောက်သွေ့နေတာ
- အသံကုန်ဟစ်ထားခဲ့တာ
- ဆေးလိပ်သောက်တာ
- Lactic acid ပါဝင်မှုများတဲ့ အစားအစာတွေကို အလွန်အကျွံစားသုံးတာတွေကြောင့် လည်ချောင်းနာနိုင်ပါတယ်။
လည်ချောင်းနာတာနဲ့ ချောင်းဆိုးတာကြောင့်တစ်နေ့တာအလုပ်တွေအနှောင့်အယှက်မဖြစ်ချင်ဘူးဆိုရင်တော့
လည်ချောင်းနာတာကတော်တော်လေးတော့ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ အခြေအနေပါ။ လည်ချောင်းနာပြီဆိုရင် စားကောင်းတိုင်းလည်းမစားရသလို စကားပြောရင်ဖြစ်ဖြစ် ယုတ်စွအဆုံး တံထွေးမျိုချရင်တောင် တော်တော်လေးခက်ခဲပါတယ်။ ဒီဝေဒနာကို ထမ်းပိုးရင်း တစ်နေ့တာအလုပ်တွေကို အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ဆိုတာအတော်လေးတော့ခက်ခဲပါမယ်။ ဒီတော့ လည်ချောင်းနာတာကြောင့် တစ်နေ့တာမှာ ထိခိုက်တာတွေမဖြစ်စေဖို့ဆိုရင် ဒါလေးတွေလုပ်ကြည့်ပါ။
ပြည့်ပြည့်ဝဝအနားယူပေးပါ – အိပ်ရေးဝဝအိပ်စက်တာမျိုးလုပ်ပေးပါ။ ဖြစ်နိုင်ရင် အလုပ်တွေခဏဖယ်ထားပြီး အေးအေးဆေးဆေးနားလိုက်ပါ။
အရည်များများသောက်ပါ – သောက်ရေ၊ စွပ်ပြုတ်ကစလို့ သစ်သီးဖျော်ရည်အဆုံး ခန္ဓာကိုယ်အတွက် ရေဓာတ်ဖြည့်ပေးနိုင်မယ့် အရည်တွေသောက်သုံးပေးပါ။ ဒါပေမယ့် သကြားများတာတွေ၊ ကော်ဖီနဲ့ အရက်ဘီယာတို့ကတော့ အဆင်မပြေပါဘူး။
ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ – ပတ်ဝန်းကျင်က မမြင်ရတဲ့ ဘက်တီးရီးယားတွေကို ကာကွယ်ဖို့အတွက် ကိုယ်နေအိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပေးပါ။
အစိုဓာတ်ထိန်းစက်ဖွင့်ထားပါ – ကိုယ်ရှိနေတဲ့ အခန်းထဲမှာ အစိုဓာတ်ရှိနေစေဖို့ အစိုဓာတ်ထိန်းစက်လေးဖွင့်ပေးတာမျိုးလုပ်ပေးပါ။
ရေနွေးနဲ့အာလုပ်ကျင်းပါ – လည်ချောင်းနာစေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားဖို့အတွက် ရေနွေးခပ်နွေးနွေးလေးနဲ့ အာလုပ်ကျင်းပေးပါ။
ဆားရည်နဲ့အာလုပ်ကျင်းပေးပါ – လွယ်ကူရိုးစင်းတဲ့ နည်းလမ်းတစ်ခုပေါ့။ ရေနွေးထဲမှာ ဆားထည့်ပြီး ပလုပ်ကျင်းပေးရုံပါ။
ဆေးလိပ်ငွေ့လိုမျိုး ဓာတ်မတည့်မှုကိုဖြစ်စေတဲ့အရာတွေကိုရှောင်ပါ – လည်ချောင်းနာနေချိန်မှာ ဆေးလိပ်လုံးဝမသောက်ပါနဲ့။ တဆင့်ခံဆေးလိပ်ငွေ့ကိုလည်း တတ်နိုင်သမျှရှောင်ပါ။
ငုံဆေးငုံပါ – လည်ချောင်းနာတာကို သက်သာစေနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ သွားရင်းလာရင်း ငုံထားလို့လည်းရပါတယ်။
ပျားရည်စားပေးပါ – သဘာဝဆေးဖက်ဝင်ဖြစ်တဲ့ ပျားရည်စစ်စစ်ကိုသောက်ပေးမယ်ဆိုရင်လည်း လည်ချောင်းနာတာကို သက်သာစေမှာပါ။
ကြက်သွန်ဖြူစားသုံးပေးပါ – ကြက်သွန်ဖြူများများထည့်ထားတဲ့ ဟင်းခါးသောက်တာမျိုးလုပ်ပေးရင်လည်း လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။
ပဲနံ့သာစေ့စားသုံးပေးပါ – ရေနွေးထဲကို သန့်စင်နေအောင်ဆေးကြောထားတဲ့ ပဲနံ့သာစေ့ထည့်ပြီး သောက်သုံးပေးလို့ရပါတယ်။
လည်ချောင်းမနာအောင် ဘယ်လိုကာကွယ်မလဲ…..
-
အထိရောက်ဆုံးနည်းလမ်းတစ်ခုကတော့ လက်ကို သန့်စင်ဆေးကြောတာပါ။ လက်ကို ရေသန့်သန့်နဲ့ဆပ်ပြာကိုအသုံးပြုပြီး သေချာသန့်စင်သွားအောင်ဆေးကြောပေးပါ။ ရေအလွယ်ကူမရနိုင်ဘူးဆိုရင် ရေမလိုလက်သန့်ဆေးရည်သုံးပြီး လက်ကို သန့်စင်ဆေးကြောပေးပါ။ - ဖျားနေတဲ့လူနဲ့ နီးနီးကပ်ကပ်နေတာကိုရှောင်ကြဉ်ပါ။
- တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အသုံးပြုတဲ့ပစ္စည်းတွေကို မျှဝေသုံးစွဲတာမျိုးမလုပ်ပါနဲ့။
- ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။
- အိပ်ရေးဝဝအိပ်ပါ။
- အာဟာရပြည့်ဝမျှတအောင်စားသုံးပေးပါ။
- အပူအစပ်လွန်ကဲတာတွေကိုရှောင်ပါ။
- ဓာတုပစ္စည်းတွေကို တတ်နိုင်သမျှရှောင်ပါ။
- ဆေးလိပ် နဲ့ အရက်ကိုတတ်နိုင်သမျှရှောင်ပါ။
အခုပြောခဲ့တဲ့နည်းလမ်းလေးတွေကို လုပ်ဆောင်ကြည့်ပြီး သင့်တစ်နေ့တာကို လည်ချောင်းနာတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အနေအထားကနေ ကယ်ဆယ်လိုက်ပါ။