ဇွန် ၂၅၊ ရန်ကုန် ။ ။ လာမည့် ဇူလိုင် ၁ရက်နေ့မှ စတင်ပြီး လျှပ်စစ်မီး အသုံးပြုမှု နှုန်းထားများ တိုးမြှင့်ကောက်ခံတော့မည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ အသစ်ကောက်ခံမည့် နှုန်းထားများ သည် နှုန်းဟောင်းနှင့် နှိုင်းယှဉ်ပါက ၂ဆကျော်မှ ၃ဆအထိ မြင့်တက်သွားသည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှု ရေရှည် တိုးတက်ကောင်းမွန်စေရန် တိုးချဲ့ဆောင်ရွက်ရမည့် လုပ်ငန်း များအတွက် လည်းကောင်း၊ မဟာဓာတ်အားလိုင်းစနစ်မှ လျှပ်စစ်မရရှိသေးသော ဒေသများ လျှပ်စစ်ရရှိရန် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် လည်းကောင်း၊ ဓာတ်အားထုတ်လုပ်မှုစွမ်းအား စဉ်ဆက်မပြတ် တိုးတက်စေရန် ပိုမိုကြိုးပမ်းဆောင်ရွက်နိုင်ရေးတို့အတွက် ဓာတ်အားအသုံးပြုမှု နှုန်းထားကို ပြင်ဆင်ဆောင်ရွက်ရခြင်းဖြစ်ပြီး ယခုကဲ့သို့ ပြင်ဆင်နိုင်ရေးအတွက် လျှပ်စစ်မီး သုံးစွဲသူများကို ကိုယ်စားပြုသည့် နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းအသီးသီးတို့ကို တွေ့ဆုံပြီး အကြံပြုချက်များ တောင်းခံခဲ့သည်ဟု ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အိမ်သုံးအမျိုးအစားတွင် ယခင်က လျှပ်စစ်အသုံးပြုခ တစ်ယူနစ်မှ ယူနစ် ၂၀၀ အထိကို တစ်ယူနစ်လျှင် ၄ဝကျပ်သာ ကောက်ခံပြီး ယခုနှုန်းထားသစ်တွင် တစ်ယူနစ်မှ ယူနစ်၂ဝဝထိကို တစ်ယူနစ်လျှင် ၁၂ဝကျပ်အထိ ကောက်ခံမည်ဖြစ်သည်။ ယခင်က ယူနစ်၂ဝဝအထိကို ၂ဆင့်သာ ခွဲခြားထားသော်လည်း ယခုနှုန်းထားသစ်တွင် အဆင့် ၆ဆင့်ခွဲခြားကောက်ခံမည် ဖြစ်သည်။ ယူနစ်၂ဝဝကျော်သွားပါက ယခင်က တစ်ယူနစ်လျှင် ၅ဝကျပ် ကျသင့်ပြီး နှုန်းထားသစ်တွင် တစ်ယူနစ်လျှင် ၁၂၅ကျပ် ကျသင့်မည် ဖြစ်သည်။
အိမ်သုံးမဟုတ်သည့် အမျိုးအစားတွင် ယခင်က တစ်ယူနစ်မှ ယူနစ်၅၀၀၀ အထိသုံးပါက တစ်ယူနစ်လျှင် ၇၅ကျပ်သာ ကျသင့်သော်လည်း နှုန်းထားသစ်တွင် တစ်ယူနစ်မှ ၁၂၅ယူနစ်အထိကို တစ်ယူနစ်လျှင် ၁၂၅ ကျပ် ကောက်ခံမည်ဖြစ်ပြီး ယူနစ်၅ဝဝမှ ၅၀၀၀ အထိကို တစ်ယူနစ်လျှင် ၁၃၅ကျပ် ပေးဆောင်ရမည် ဖြစ်သည်။ ယခင်က ၅ထောင်ယူနစ်မှ ၁သောင်းယူနစ်အထိကို တစ်ယူနစ်လျှင် ၁ဝဝကျပ်သာ ကျသင့်သော်လည်း နှုန်းထားသစ်တွင် တစ်ယူနစ်လျှင် ၁၄၅ကျပ် ကောက်ခံတော့မည် ဖြစ်သည်။ နှုန်းထားဟောင်းတွင် ယူနစ် ၂သိန်းမှ ယူနစ် ၃သိန်းအထိကို တစ်ယူနစ်လျှင် ၁၂၅ကျပ်သာ ကျသင့်သော ်လည်း နှုန်းထားသစ်တွင် ယူနစ် ၁သိန်းနှင့်အထက်သုံးပါက တစ်ယူနစ်လျှင် ၁၈ဝကျပ် ပေးဆောင်ရမည် ဖြစ်သည်။
“ မီးတာခက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တက်တာဆိုတော့ လာမယ့် ခြောက်လအတွင်းမှာ ကုန်စျေးနှုန်းနဲ့ ငွေကြေးဖောင်းပွမှုနှုန်း တက်လာနိုင်တယ်။ ၂၀ ရာခိုင်နှုန်းလောက်အထိ တက်လာနိုင်မယ်”ဟု ရန်ကုန်တိုင်း စက်မှုဇုန်များ စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး ဦးနေလင်းဇင်က မဇ္စျိမသို့ မှတ်ချက်ပြု ပြောကြားသည်။
ယခုကဲ့သို့ လျှပ်စစ်ဓာတ်အား အသုံးပြုမှုနှုန်းထား တိုးမြှင့်ခြင်းသည် ၂၀၁၄ခုနျစ် လျှပ်စစ်ဥပဒေပုဒ်မ ၄၁နှင့် အညီ သက်ဆိုင်ရာဝန်ကြီးဌာနက ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ၂၀၁၉ခုနှစ် ဧပြီ ၁၁တွင် ကျင်းပသည့် ပြည်ထောင်စု အစိုးရ အစည်းအဝေး (၇/၂၀၁၉) သဘောတူညီချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။