ရန်ကုန်၊ ဇွန် ၂၂ ။ ။ ရခိုင်ပြည်နယ်၏ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိဳးတိုးတက်ရေးကိုမလိုလားသည့် အစွန်းရောက်အဖွဲ့များ ရှိနေသည်ဟု UEHRD ဒုဥက္ကဋ္ဌ(၁) ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကပြောဆို လိုက်သည်။
ရန်ကုန်မြို့ ၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းရေးဗဟိုဌာန(NRPC) တွင် ဇွန်လ ၂၂ ရက်ကပြုလုပ်ခဲ့သည့် “ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအ ထောက်အပံ့ ပေးရေး ၊ ပြန်လည်နေရာချထားရေး ၊ ဖွံ့ဖြိုးရေးစီမံကိန်း “ (UEHRD) ၏အစည်းအဝေး အဖွင့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“အစွန်းရောက် အဖွဲ့တွေထဲမှာ နိုင်ငံရေးနဲ့အစွန်းရောက်တာရှိတယ်။ အကြောင်းအမျိုးမျိုးနဲ့ အစွန်း ရောက်တာရှိတယ်။ အကြောင်းအမျိုးမျိုးနဲ့ပေါ်လာပြီးတော့ အကြမ်းဖက်မှုတွေဖြစ်တယ်။ အကြမ်း ဖက်မှုရဲ့ နောက်ကွယ်မှာရော ရှေ့လျှောက်တဲ့ လမ်းမှာရော ပြဿနာပေါင်းစုံဆက်ပြီး ဖြစ်လာတယ်။ အဲဒီပြဿနာတွေဟာ အခုထိရှင်းနေရတဲ့ အခက်အခဲတွေရှိနေပါတယ်” ဟု ဒေါက်တာဝင်းမြတ်အေး ကပြောသည်။
ထို့အပြင် အဆိုပါအစွန်းရောက်အဖွဲ့များမှာ UEHRD မှလုပ်ဆောင်နေသည့် ရေရှည်ပဋိပက္ခ ကင်းဝေးရေးအတွက် ဦးတည်ဆောင်ရွက်နေမှုများကို မလိုလားကြောင်းလည်း ၎င်းကဆိုသည်။
သို့သော် မည်သည့်အဖွဲ့များက အစွန်းရောက်အဖွဲ့များဖြစ်သည်ကို ပြည်ထောင်စုဝန်ကြီးမှ ပြောဆို ခဲ့ခြင်းမရှိပေ။
အဆိုပါပြဿနာများကိုဖြေရှင်းရန် ပြည်ထောင်စုအစိုးရမှနေ၍ UEHRD ကိုတည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်အရေးကိစ္စရပ်များကို ဖြေရှင်းရာတွင် UEHRD အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လက်တွဲဆောင်ရွက်ရန် သဘောတူထား ကြောင်းလည်းသိရသည်။
ထို့အပြင် UEHRD အစည်းအဝေးကျင်းပချိန်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ထိုင်းနိုင်ငံတွင် ကျင်းပသည့် (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်နေသည့် အချိန် လည်းဖြစ်သည်။
“ အထူးသဖြင့် အာဆီယံနဲ့ကကျွန်တော်တို့သဘောတူပြီးသားလို့ပြောလို့ရပါတယ်။ အာဆီယံက မြန်မာပြည်ကိုလာပြီးပြီ။ အစီရင်ခံစာလည်း ထွက်ပြီး သားဖြစ်တယ်။ တကယ်က အဲ့ဒီအစီရင်ခံစာကို တရားဝင်အတည်ပြုဖို့ ဒီအစည်းအဝေးဖြစ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု UEHRD အကြံပေး အဖွဲ့ဝင် ဦးတိုးအောင်ကဆိုသည်။
လက်ရှိအချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးသူများထဲမှ ပထမအသုတ်အဖြစ် လူ (၈၀၀၀) ကိုလက်ခံရန် အစိုးရဘက်မှပြင်ဆင်ထားသော်လည်း တရားဝင်လွဲပြောင်း လာသူမရှိသေး ကြောင်းလည်းသိရသည်။
UEHRD ကို ရခိုင်ပြည်နယ်အရေးကိစ္စရပ်များကိုဆောင်ရွက်ရန် အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဦးဆောင်ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ဖွဲ့စည်းခဲ့ခြင်း လည်းဖြစ်သည်။