ဇွန် ၂၁ ။ ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို တိုက်ရန် ခွင့်ပြုမိန့်ထုတ်ပေးခဲ့ပြီးမှ ယင်းအမိန့်ကို ပြန်ရုပ်သိမ်းသွားခဲ့ကြောင်း New York Times သတင်းစာက ဖော်ပြပါတယ်။
အမေရိကန် စောင့်ကြည့် ဒရုန်းတစ်စင်း ပစ်ချခဲ့သည့် အီရန်ကို လက်တုန့်ပြန် တိုက်ခိုက်ရန် အတည်ပြုမိန့်ပေးခဲ့ပြီး နောက်ဆုံးမိနစ်ကျမှ ပြန်ရုပ်သိမ်းသွားခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်းစာက ဖော်ပြပါတယ်။
အိမ်ဖြူတော် အဆင့်မြင့် အရာရှိကြီးတစ်ဦးကို ကိုးကားပြီး New York Times က ဖော်ပြထားတာကတော့ ထရမ့်ရဲ့ ကနဦးအမိန့်ကြောင့် အမေရိကန်စစ်လေယာဉ်တွေ လေထဲ ပျံတက်သွားခဲ့ပြီး စစ်သင်္ဘောတွေလည်း အသင့်နေရာယူခဲ့ကြကြောင်း၊ သို့သော် အမိန့်ပြန်ရုပ်သွားသည့်အတွက် မည်သည့်လက်နက်မှ မပစ်လိုက်ရကြောင်း ဖော်ပြထားပါတယ်။
အိုမန်ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရမှုကြောင့် ရက်သတ္တပတ်ကြာ တင်းမာမှုတွေ ဖြစ်နေခဲ့ပြီးနောက် ယမန်နေ့က အမေရိကန်စစ်ဘက်ဒရုန်းတစ်စင်းကို အီရန်က ပစ်ချခဲ့တာ ဖြစ်ပါတယ်။
ယင်းဖြစ်စဉ်ကြောင့် နှစ်နိုင်ငံကြား စစ်ရေး ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာမယ့်အပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်ခဲ့ပါတယ်။
ယင်းကိစ္စဖြစ်ပြီး အီရန်ဟာ အမှားကြီး တစ်ခုကို ကျူးလွန်လိုက်ခြင်းဖြစ်ကြောင်း ထရမ့်က ပြောသွားခဲ့ပါတယ်။