အစိုးရကို ကိုယ်ရော၊ စိတ်ဖြင့်ပါ မပြစ်မှားထားဘူးဟု ရုံးချိန်းတွင်သီဟမျိုးနိုင်ပြော

အစိုးရကို ကိုယ်ရော၊ စိတ်ဖြင့်ပါ မပြစ်မှားထားဘူးဟု ရုံးချိန်းတွင်သီဟမျိုးနိုင်ပြော
ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

ရန်ကုန်၊ ဇွန် ၂၁ ။        ။ တောင်ဒဂုံမြို့နယ်တွင် ဘာသာရေး ဆူပူမှုဖန်တီးမှုနှင့် ပတ်သက်ပြီး  နိုင်ငံတော်အကြည်အညို ပျက်စေမှုဖြင့် တရားစွဲခံထားရသည့် သီဟမျိုးနိုင်မှ အစိုးရကို ကိုယ်ရော၊ စိတ်ဖြင့်ပါ မပြစ်မှားထား ဘူးဟု ဇွန်လ ၂၁ ရက်ရုံးထုတ်စဉ် ပြောဆိုခဲ့သည်။

“ ၅၀၅ (ခ) သည်နှုတ်နဲ့မပြောနဲ့ ကိုယ်အမူအရာ စိတ်နဲ့ပါမပြစ်မှားထားဘူး။ ငြိစွန်းထားတာ ဘာမှမရှိဘူး။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင် ရင်ဆိုင် ဖြေရှင်းနေတာဖြစ်တယ်” ဟု သီဟမျိုးနိုင်မှ အချုပ်ကားပေါ်မှအဆင်း တရားရုံးအပေါက်ဝတွင် ပြောဆိုခဲ့သည်။

နိုင်ငံတော်အကြည်အညိုပျက်စေမှုဖြင့် တရားစွဲခံထားရသည့် မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ နှစ်ဦးကို ဇွန်လ ၂၁ ရက်နေ့တွင် တတိယအကြိမ်မြောက်ရုံးထုတ်အဖြစ် ဒဂုံတောင်တရားရုံးတွင် ရုံးထုတ်ခဲ့ခြင်းလည်းဖြစ်သည်။

သို့သော် တရားလိုဖြစ်သူ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမြင့်က တိုင်းအစည်းအဝေးရှိ၍ဟုဆိုကာ တရားရုံးသို့ တရားလိုမလာရောက်နိုင်၍ အမှုမစစ်ဖြစ်သေးကြောင်း တောင်ဒဂုံတရားရုံးမှသိရသည်။

“ အမှုအခြေအနေက ဒီတစ်ပတ်မစစ်ဖြစ်ဘူးရှင့်။ ခွင့်တင်လိုက်လို့ပါ တရားလိုကလေ။ သူမအားလို့ အစည်းအဝေးရှိလို့ ခွင့်တင်လိုက်တယ်” ဟု မိုက်ကယ်ကျော်မြင့်၏  ဇနီးဖြစ်သူ ဒေါ်အေးအေးသင်း ကပြောသည်။

ထို့ကြောင့် နောက်ရုံးချိန်းကို ဇွန်လ ၂၈  ရက်နေ့သို့ ပြန်လည်ချိန်းဆိုထားပြီး တရားလိုနှင့် လိုပြသက်သေတစ်ဦးကို စစ်ဆေးသွားရန်ရှိသည်ဟုလည်း သိရသည်။

မေ ၁၅ ရက် ညပိုင်းတွင်  မိုက်ကယ်ကျော်မြင့် ဦးဆောင်သည့် လူအင်အား ၁၀၀ ခန့်သည် တောင်ဒဂုံ မြို့နယ် ၁၀၆၊ ၆၄ နှင့်၂၆ ရပ် ကွက်များမှ  အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုဆုတောင်းရာ နေရာများ ကို ရုတ်တရက် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဒေသခံ အစ္စလာမ်ဘာသာရေး လူကြီးများအား နောင်တွင် အဆိုပါနေရာများ၌ ထပ်မံဝတ်ပြုခြင်း မလုပ်ရန် ညသန်းခေါင်ယံ အချိန်၌ ခံဝန်ရေးထိုးစေခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်အပြီး မေလ ၁၅ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ တရားစွဲဆိုခဲ့သောကြောင့် သီဟမျိုးနိုင်မှာ လာရောက်အဖမ်းခံခဲ့ပြီး တိမ်းရှောင်သွားသော မိုက်ကယ်ကျော်မြင့်ကို ဇွန် ၁၀ ရက်နေ့တွင် ဝမ်းတွင်းမြို့နယ်ရှိ ၎င်း၏ ယောက္ခမနေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly