လီဗာပူးလ်၊ အောက်တိုဘာ ၉ ။ ။ လီဗာပူးလ်အသင်းသည် ထုတ်ပယ်လိုက်သည့် နည်းပြ ဘရန်ဒန်ရော်ဂျာ၏နေရာတွင် ဒေါ့တ်မွန်အသင်းနည်းပြဟောင်း ဂျာဂင်ကလော့ပ်ကို တရားဝင်ခန့် အပ်လိုက်ပြီ ဖြစ်သည်။
အသက် ၄၈ နှစ်အရွယ်ရှိ ကလော့ပ်ကို လီဗာပူးလ်အသင်းက တစ်နှစ်လစာငွေ ပေါင် ၅ သန်းဖြင့် သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့သည်။ (ဒေးလီးမေးလ်တွင် ခြောက်သန်း) ကလော့ပ်အနေဖြင့် လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်ဖလား(သို့မဟုတ်)ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါက အပိုဆုကြေးငွေအဖြစ် ပေါင် ၂ သန်း ထပ်မံ ရရှိမည် ဖြစ်သည်။
ကလော့ပ်သည် ဒေါ့တ်မွန်အသင်းကို ၇ နှစ်ကြာနည်းပြခဲ့ပြီး ဘွန်ဒက်စ်လီဂါဖလားနှစ်ကြိမ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။ ပြီးခဲ့သည့်မေလက ဂျာမန်ပိုကာဖလား ဗိုလ်လုပွဲတွင် ဝုဖ်ဘတ် အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ဒေါ့တ်မွန်နည်းပြအဖြစ်မှ အနားယူခဲ့သူ ဖြစ်သည်။
လီဗာပူးလ်အသင်းမှ ဘရန်ဒန်ရော်ဂျာ ထုတ်ပယ်ခံရပြီးနောက်တွင် ၎င်း၏လက်ထောက်နည်းပြ အိုဒရီစကိုးလ်နှင့် ပထမအသင်းနည်းပြ မက်အလစ္စတာတို့မှာ ရာထူးမှ အသီးသီးထွက်ခွာသွားခဲ့ကြသည်။ မက်အလစ္စတာမှာ အသင်း၏ သံတမန်အဖြစ် ဆက်ရှိမည် ဖြစ်သည်။
ထို့ကြောင့် ကလော့ပ်သည် ဒေါ့တ်မွန်အသင်းတွင် လက်တွဲခဲ့သည့် လက်ထောက်နည်းပြများဖြစ်သော ဇယ်ကိုဘူဗက်နှင့် ပီတာကရာဝက်တို့ကို ၎င်း၏ လက်ထောက်နည်းပြများအဖြစ် ခန့်အပ်ဖွယ်ရှိနေသည်။
ကလော့ပ်၏ လီဗာပူးလ်နည်းပြဘ၀ ပထမဆုံး ပွဲစဉ်ခြောက်ပွဲ
အောက်တိုဘာ ၁၇၊ စပါး (အဝေး၊ ပရီးမီးယားလိဂ်)
အောက်တိုဘာ ၂၂၊ ရူဘင်ကာဇန် (အိမ်၊ ယူရိုပါလိဂ်)
အောက်တိုဘာ ၂၅၊ ဆောက်သမ်တန် (အိမ်၊ ပရီးမီးယားလိဂ်)
အောက်တိုဘာ ၂၈၊ ဘုန်းမောက် (အိမ်၊ ကက်ပီတယ်ဝမ်း)
အောက်တိုဘာ ၃၁၊ ချယ်လ်ဆီး (အဝေး၊ ပရီးမီးယားလိဂ်)
နိုဝင်ဘာ ၅၊ ရူဘင်ကာဇန် (အဝေး၊ ယူရိုပါလိဂ်)
Ref: BBC