ရန်ကုန်၊ ဇွန် ၁၇ ။ ။ Mauritius နိုင်ငံတွင် ကျင်းပခဲ့သော မော်ရစ်သျှ အင်တာနေရှင်နယ် FLEET Mauritius International 2019 ကြက်တောင်ပြိုင်ပွဲ Woman Single မှာ မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာက ဗိုလ်စွဲ သွားခဲ့ပါတယ်။
ဇွန်လ ၁၃ ရက်ကနေ ဇွန်လ ၁၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ အဆိုပါပြိုင်ပွဲမှာ မြန်မာကြက်တောင်အား ကစားမယ် သက်ထားသူဇာဟာ ဆီမီးဖိုင်နယ်မှာ အိန္ဒိယက Sai Uttejitha Rao CHUKKA ကို အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်လုပွဲမှာ ဖင်လန်နိုင်ငံက Airi MIKKELA ကို (၂၁-၁၀/ ၂၁-၁၉) ဖြင့် နှစ်ပွဲ ပြတ်အနိုင်ရပြီး ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါနိုင်ပွဲအတွက် သက်ထားသူဇာက သူ့ရဲ့လူမှုကွန်ရက်မှာ “အဖေများနေ့မှာ ဖေဖေ့အတွက် လက်ဆောင်”လို့ ဆိုပြီး ရေးသားခဲ့သလို “ညီမကို အားပေးကြတဲ့သူအားလုံးကို ညီမကျေးဇူးအများကြီး တင်ပါတယ်”လို့လည်း ရေးသားခဲ့ပါတယ်။
သက်ထားသူဇာဟာ ၂၀၁၈ခုနှစ်က အီဂျစ် အင်တာနေရှင်နယ် စီးရီးမှာ ဗိုလ်စွဲခဲ့သလို ၂၀၁၉ခုနှစ်မှာ ယူဂန်ဒါ အင်တာနေရှင်နယ်ပြိုင်ပွဲမှာလည်း ဗိုလ်စွဲခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၉ခုနှစ်အတွင်းမှာပဲ ကင်ညာ အင်တာနေရှင် နယ် စီးရီးပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီး ယခု မော်ရစ်သျှ အင်တာနေရှင်နယ် စီးရီးပြိုင်ပွဲမှာ ထပ်မံဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။
မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် အိုလံပစ် ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ပစ်မှတ်ထားနေသူလည်း ဖြစ်ပါတယ်။