တီဟီရန်၊ အောက်တိုဘာ - ၈ ။ ။ အန်ဆာရူလာသူပုန်များကို သစ္စာခံသည့် မဟာမိတ်ကော်မတီများက ထောက်ခံသော ယီမင်စစ်တပ်စစ်သားများက ဆော်ဒီစစ်သင်္ဘောတစ်စင်းကို တိုက်ခိုက်ဖျက်စီး ပစ်နိုင်ခဲ့သည်ဟု ဆိုသည်။
ယီမင်၏ ဆာဘာသတင်းအေဂျင်စီ သတင်းတစ်ရပ်အရ ဆော်ဒီစစ်သင်္ဘောမှာ ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့ကို ဆက်သွယ်ထားသည့် ဘက် အယ်လ် မန်ဒက်ရေလက်ကြားအတွင်း ယီမင်အနောက်တောင်ကမ်းရိုးတန်း ကမ်းလွန်တွင် ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။ တိုက်ခိုက်မှုကြောင့် အခြားဆော်ဒီစစ်သင်္ဘောများမှာ ဧရိယာအတွင်းမှ ထွက်ပြေးသွားကြသည်ဟု ဆိုသည်။
နစ်မြှုပ်သွားသည့် ဆော်ဒီသင်္ဘောမှ အနောက်တောင်ပိုင်း တာအစ်ဇ်ပြည်နယ်အတွင်းရှိ လူနေဧရိယာအတွင်းသို့ ဒုံးကျည်ဖြင့် အကြိမ်ကြိမ်ပစ်ခတ်သောကြောင့် အသေအပျောက် အပျက်အစီးများဖြစ်ပေါ်ခဲ့ သည်ဟု ဆိုသည်။
ဗုဒ္ဓဟူးနေ့အစောပိုင်းကလည်း ဆော်ဒီဘုရင့်နိုင်ငံ၏ အနောက်တောင်ပိုင်း ဂျီဇန်ပြည်နယ်အတွင်းမှ စစ်စခန်းတစ်ခုကို ယီမင်တပ်များက လက်တုံ့ပြန်သည့်အနေဖြင့် ဒုံးကျည်ဖြင့် တိုက်ခိုက်သောကြောင့် ဆောဒီစစ်သားတစ်ဦး သေဆုံးခဲ့ရရာ ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာနက မှန်ကန်ကြောင်း အတည်ပြု ခဲ့သည်။
တစ်ချိန်တည်းမှာပင် ယီမင်အနောက်ပိုင်း ဒါမာပြည်နယ်မှ မင်္ဂလာပွဲတစ်ခုကို ဆော်ဒီစစ်လေယာဉ်များက တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ၂၃ဦး သေဆုံးခဲ့ပြီး ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ သည်။
စစ်ဒဏ်ခံနေရသည့်နိုင်ငံတွင် ဆော်ဒီလေကြောင်းတိုက်ခိုက်မှုက မင်္ဂလာပွဲအခမ်းအနားတစ်ခုကို ထိမှန်သွားသည်မှာ ဤအကြိမ်သည် ပထမဆုံးတော့မဟုတ်ပါ။ စက်တင်ဘာလ နှောင်းပိုင်း ကလည်း ဆော်ဒီဂျက်တိုက်လေယာဉ်များက တာအစ်ဇ်မှ အခန်းအနားတစ်ခုကို တိုက်ခိုက်ခဲ့ရာ မိန်းမနှင့် ကလေးအများစုအပါအဝင် လူ ၁၃၅ဦးသေဆုံးခဲ့ရပြီး အခြား သုံးလေးဆယ်ခန့်လည်း ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သည်ဟု ဆိုသည်။
ဗုဒ္ဓဟူးနေ့ကလည်း ဆော်ဒီစစ်လေယာဉ်များက မာဝီယာခရိုင်တွင် လေကြောင်းတိုက်ခိုက်မှု ၆ခုကို ပြုလုပ်ခဲ့ရာ အနည်းဆုံး အရပ်သားနှစ်ဦး သေဆုံးခဲ့ရပြီး အခြားသုံးလေးဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်ဟု ဆိုသည်။
ဟူသီ အန်ဆာရူလာသူပုန်များကို ဖြိုခွင်းပြီး ရီယာ့၏ မဟာမိတ်တစ်ဦးဖြစ်သော ထွက်ပြေးတိမ်းရှောင်နေရသည့် သမ္မတဟောင်း အက်ဘ်ဒီ ရက်ဘူး မန်ဆော်ထံသို့ အာဏာအပ်နှင်းရန် ကြိုးစားမှုတစ်ခုအနေဖြင့် မတ်လ ၂၆ရက်နေ့တွင် ဆော်ဒီတပ်ဖွဲ့များက တောင်ပိုင်းအိမ်နီးချင်းနိုင်ငံသို့ စစ်ရေးအရ ကျူးကျော်လာသည့်နောက်ပိုင်းတွင် ယီမင်မှာ နေ့စဉ်လိုလို အတိုက်ခိုက်ခံနေခဲ့ရသည်။
မတ်လမှစတင်ခဲ့သည့် ဆော်ဒီ လေကြောင်းတိုက်ခိုက်မှုများတွင် လူပေါင်း ၆၄၀၀ သေဆုံးခဲ့ရပြီဖြစ်ပြီး ၁၄၀၀၀နီးပါး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ သေဆုံးသူများထဲတွင် ကလေးငယ် ၅၀၅ယောက် ပါဝင်နေသည်ဟု ဆိုသည်။ ဆော်ဒီ၏ ကျူးကျော်မှုကြောင့် လူပေါင်း ၁၁၄၀၀၀မှာ စစ်ဒဏ်ခံနေရသည့် ယီမင်နိုင်ငံကို စွန့်ခွာထွက်ပြေးလျှက်ရှိသည်ဟု ဆိုသည်။