၆၆ (ဃ) ဖြင့် တရားစွဲဆိုခံထားရသည့် အလှမယ်ရွှေအိမ်စည်အမှု ရုံးပြောင်းလျှောက်ခွင့်နှင့်အတူ အာမခံရရှိ

၆၆ (ဃ) ဖြင့် တရားစွဲဆိုခံထားရသည့် အလှမယ်ရွှေအိမ်စည်အမှု ရုံးပြောင်းလျှောက်ခွင့်နှင့်အတူ အာမခံရရှိ
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊ ဇွန် ၅ ။        ။ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံထားရသည့် အလှမယ် ရွှေအိမ်စည်၏အမှုကို ဇွန် ၅ ရက်နေ့က ရုံးပြောင်းလျှောက်ထားခြင်းနှင့်အာမခံ ကျပ်သိန်း ၁၀၀ လျှောက် ထားခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း အလှမယ်ရွှေအိမ်စည်ဘက်မှ လိုက်ပါဆောင်ရွက်ပေးသော တရားလွှတ်တော် ရှေ့နေဦးကျင်လှက ပြောသည်။

"ဒေါ်ရွှေအိမ်စည်အမှုရဲ့  မင်္ဂလာတောင်ညွှန်အမှုကိုရုံးပြောင်းလျှောက်တယ်။ ရုံးပြောင်းလျှောက်တဲ့အခါကျတော့ ရုံးတော်က ခွင့်ပြုလိုက်တယ်။ ရန်ကင်းမြို့နယ်တရားရုံးကို ခွင့်ပြုလိုက်ပါတယ်။ ပြောင်းလိုက်တဲ့အခါကျတော့ လုပ်ထုံးလုပ်နည်းအရ မင်္ဂလာတောင်ညွှန့်မှာ လျှောက်ထားတဲ့အာမခံကို ရန်ကင်းမြို့နယ်တရားရုံးမှာ အသစ် ပြန်တင်သွင်းရပါတယ်။ အဲဒီအတွက်အာမခံလျှောက်တာပါ။အရင်အာမခံပါပဲ " ဟု တရားလွှတ်တော်ရှေ့နေ ဦးကျင်လှက ပြောသည်။

Hello Madam ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ နှင့် Miss Universe  Myanmar Organization၏  National Director ဖြစ်သော ဒေါ်စိုးယုဝေက  ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ၂၀၁၈ခုနှစ်၊ ဇန်နဝါရီ လ ၉ ရက်နေ့က အလှမယ် ရွှေအိမ်စည်ကို မင်္ဂလာတောင်ညွှန့်တရားရုံးတွင် တရားစွဲဆိုထားခြင်း ဖြစ်သည်။

" ကျွန်တော်အမှုသည်က တစ်ရုံးတည်း စစ်ရင်ပိုကောင်းမယ်ဆိုတဲ့အကြံဉာဏ်မျိုး ပေးလိုက်တာ။ အဲဒါဆို ဆရာ  လုပ်ထုံးလုပ်နည်းအတိုင်း လျှောက်ပေးပါဆိုလို့ ကျွန်တော်တို့က ရုံးပြောင်းလျှောက်တာ။ လျှောက်တာက တရားသူကြီးကို မကျေနပ်လို့၊ တရားသူကြီးရဲ့တရားစီရင်းရေးကို မနှစ်သက်လို့ လျှောက်တာမျိုးမပာုတ်ပါဘူး။ တရားစီရင်ရေး ပိုမိုချောမွေ့စေဖို့ လျှောက်တာပါ။ ကျင့်ထုံးပုဒ်မ ၅၂၆ အရ လျှောက်ရတာပါ။ အဲဒါကြောင့် ရုံးတော်ကလည်း ပြောင်းပေးလိုက်ပါတယ်။ ပြောင်းလိုက်တဲ့အတွက် တစ်ရုံးတည်း ဖြစ်သွားတယ်။ အပြန်အလှန်အမှု မှာ တရားလိုကလည်း ဒီရုံးမှာပဲ ၊ တရားခံကလည်း ဒီရုံးမှာပဲ၊ သက်သေတွေကလည်း ပိုမိုချောမွေ့သွားတယ်။ အဲဒီ သဘောပါပဲ " ဟု ဦးကျင်လှက ဆက်ပြောသည်။

ရန်ကင်းမြို့နယ်တရားရုံးတွင် Hello Madam ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ နှင့် Miss Universe  Myanmar Organization၏  National Director ဖြစ်သူ ဒေါ်စိုးယုဝေကို အလှမယ်ရွှေအိမ်စည်က  Crown သိမ်းသည့် အမှုနှင့်ပတ်သက်၍ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။

လာမည့် ဇွန်လ ၂၀ ရက်နေ့တွင် အလှမယ် ရွှေအိမ်စည် နှင့် ဒေါ်စိုးယုဝေ တို့၏ အပြန်အလှန် တရားစွဲခြင်းအမှု ကို တစ်ပြိုင်နက် ကြားနာသွားမည်ဟု  သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly