မေ ၂၈ ။ ။ မေလ ၃၀ ရက်တွင် ကျင်းပပြုလုပ်မည့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ BIMSTEC ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။
အလားတူ ကာဂျစ်စတန်သမ္မတ နှင့် မော်ရစ်သျှဝန်ကြီးချုပ်ကိုလည်း ဖိတ်ကြားထားသည်ဟု ဆိုသည်။
ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် သို့မဟုတ် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ နီပေါ၊ ဘူတန် နှင့် အိန္ဒိယတို့ ဖြစ်သည်။
“ ဒီ ကျမ်းကျိန်ပွဲကို တက်ဖို့ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေကို အိန္ဒိယအစိုးရက ဖိတ်ကြားထားပါတယ်၊ ဒါက အိမ်နီးချင်း ဦးစားပေးမူဝါဒအပေါ် အိန္ဒိယအစိုးရဘက်က အာရုံစိုက်နေတာနဲ့အညီ ခုလို ဖိတ်ကြားတာဖြစ်ပါတယ်” ဟု အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရာဗီးရှ်ကူးမားက ပြောသည်။
ဘင်းမ်စတက်သည် တောင်အာရှနှင့် အရှေ့တောင်အာရှ အကြား ပေါင်းကူးတံတားတစ်ခုလည်း ဖြစ်နေသည်။ အုပ်စုတွင်းရှိ မြန်မာ နှင့် ထိုင်းတို့မှာ အိန္ဒိယ၏ အရှေ့မြောက်ဒေသဆိုင်ရာ ရည်မှန်းချက်ကြီး ဆက်သွယ် ချိတ်ဆက်မှုအစီအစဉ်များအတွက် အရေးပါသောနေရာတွင် ရှိနေလျက်ရှိသည်။
မြန်မာနိုင်ငံဘက်မှ သမ္မတ သို့မဟုတ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မြန်မာအစိုးရဘက်မှ အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပေ။