ရန်ကုန်၊ မေ ၂၃ ။ ။ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း အုတ်တံတိုင်း၌ ဘုရားပုံတော် ပေါ်နေပြီး အမွှေးနံ့သာများဖြင့် ပူဇော်နေမှုကို ရဲတပ်ဖွဲ့မှ လာရောက်စစ်ဆေးရာ ယခင်က ရေးဆွဲထားသော ပုံဟောင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ဖြစ်စဉ်မှာ မေ ၂၂ ရက်က ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်၊ ပန်းခင်း(၃)နယ်မြေရှိ ဦးဗုဒ္ဓေါ ဘုန်းကြီးကျောင်း အုတ်တံတိုင်း၌ ဘုရားပုံတော် ပေါ်နေကြောင်း သတင်းရသောကြောင့် ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့သည်။
ကျောင်းထိုင်ဆရာတော် ဦးကုသလနှင့်အဖွဲ့က အုတ်တံတိုင်းပတ်ဝန်းကျင်အား ရာဇမတ် ကာရံထားပြီး ပြည်သူ ၄၀ ဦးခန့်က လာရောက်ဖူးမြော်နေသည်ကို တွေ့ရှိခဲ့ရသည်ဟု မေ ၂၃ ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
စစ်ဆေးရာ အဆိုပါအုတ်တံတိုင်းမှာ လွန်ခဲ့သည့် ၇ နှစ်ခန့်က ဆောက်လုပ်ခဲ့ပြီး ပန်းရံဆရာက အုတ်တံတိုင်း ပေါ်တွင် ဘုရားပုံတော်အား ရေးဆွဲခဲ့ကြောင်း၊ ဆေးသုတ်ထားသောကြောင့် ဘုရားပုံတော်မှာ ပေါ်လွင်ခြင်း မရှိဘဲ နှစ်ကာလကြာ၍ ဆေးရောင်များလျော့နည်းလာရာမှ ဘုရားပုံတော်ပေါ်လာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။