မေ ၂၂ ။ ။ အင်ဒိုနီးရှားတွင် တရားဝင် ရွေးကောက်ပွဲ ရလဒ်များကို ထုတ်ပြန်ကြေညာပြီးနောက် မေလ ၂၁ ရက် ညပိုင်းက မြို့တော် ဂျကာတာ၌ အဓိကရုဏ်းများ ပေါ်ပေါက်ခဲ့ရာ အနည်းဆုံး လူ ခြောက်ဦး သေဆုံးသွားသည်ဟု သိရသည်။
“ ခုထိကတော့ သေဆုံးသူ ခြောက်ဦး ရှိပါတယ်၊ ဒဏ်ရာရသူ အယောက် ၂၀၀ ကျော်ပါတယ်” ဟု ဂျကာတာ အုပ်ချုပ်ရေးမှူး အေနီးစ် ဘတ်စ်ဝီဒန်က ပြောသည်။
ပြီးခဲ့သည့်လက ရွေးကောက်ပွဲ ကျင်းပခဲ့ပြီးနောက် တရားဝင် ရလဒ်များအရ သမ္မတ ဂျိုကိုဝီဒိုဒို ပြန်လည် အနိုင်ရကြောင်း ကြေညာခဲ့ပြီးနောက်ပိုင်း အဓိကရုဏ်းများ ဖြစ်ခဲ့သည်ဟု သိရသည်။
ယင်းကဲ့သို့ အဓိကရုဏ်းများ ဖြစ်အောင် နှိုးဆွ လှုံ့့ဆော်ခဲ့မှုဖြင့် စွပ်စွဲခံထားရသော လူ ၂၀ ထက်မနည်းကိုလည်း ရဲက ဖမ်းဆီးထိန်းသိမ်းထားကြောင်း မေလ ၂၂ ရက် အစောပိုင်းက အင်ဒိုနီးရှားရဲတပ်ဖွွဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောသည်။
ရွေးကောက်ပွဲတွင် လက်ရှိ သမ္မတ ဂျိုကိုဝီဒိုဒိုက မဲရလဒ် ၅၅ ဒသမ ၅ ရာခိုင်နှုန်း၊ ပြိုင်ဘက် ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝိုက ၄၄ ဒသမ ၅ ရာခိုင်နှုန်း ရရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့ မေလ ၂၁ ရက်က ထုတ်ပြန်ကြေညာထားခဲ့ခြင်း ဖြစ်သည်။