ရန်ကုန် ၊မေ ၁၈ ။ ။ အရေးကြီးကာလအဖြစ် ကြေညာထားသည့် ကယားပြည်နယ်၌ လွိုင်ကော်မြို့၊ ကန္တာဟေဝန်ပန်းခြံတွင် စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုအနီး လုံခြုံရေးများ တိုးမြှင့်ချထားဆဲ ဖြစ်သည်ဟု ကရင်နီလူငယ် ကိုဒီးဒီးက မေ ၁၈ ရက်နေ့တွင် မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။
“တခြားနေရာတွေမှာတော့ လုံခြုံရေးတွေ မရှိတော့ဘူး။ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရှိတဲ့ ပန်းခြံမှာတော့ အကာအရံတွေ၊ သံဆူးကြိုးတွေနဲ့ လုံခြုံရေးတွေတော့ ရှိနေတယ်” ဟု ၄င်းက ဆိုသည်။
ကယားပြည်နယ်အတွင်း မေ ၁၆ ရက်နေ့မှ စတင်ကာ အရေးကြီးကာလအဖြစ် သတ်မှတ်ခဲ့ပြီး နယ်မြေ လုံခြုံရေးနှင့် ရုံးလုံခြုံရေး အထူးဂရုစိုက်ဆောင်ရွက်ရန်နှင့် ထူးခြားဖြစ်စဉ် ဖြစ်ပွားလာပါက တင်ပြရန် ပြည်နယ်အစိုးရမှ သတင်းထုတ်ပြန်ထားခြင်းလည်းဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု စိုက်ထူထားရှိမှုအပေါ် ကရင်နီလူငယ်အင်အားစုများမှ ဆန္ဒဖော်ထုတ်မည် ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ပြည်နယ်အစိုးရရုံး ၊ လွှတ်တော်ရုံး နှင့် ကြေးရုပ်တုအနီး တဝိုက်တွင် လုံခြုံရေးများ တိုးမြှင့်ချထားခြင်းဖြစ်သည်။
ရင်နီလူငယ်များအဖွဲ့ဘက်မှမူ ဆန္ဒဖော်ထုတ်မည့်သတင်းများမှာ မဟုတ်မှန်ကြောင်းနှင့် ရှေ့ဆက် လုပ်ဆောင်မည့်ကိစ္စရပ်များကို စဉ်းစားဆဲသာ ဖြစ်ကြောင်း ကိုဒီးဒီးက ပြောဆိုခဲ့သည်။
“စဉ်းစားနေတဲ့အဆင့်ရှိနေတယ်။ ကျွန်တော်တို့ ကရင်နီလူငယ်တစ်ခုတည်းမဟုတ်ဘဲနဲ့ အားလုံးပါဝင်တဲ့ လှုပ်ရှားမှုတစ်ခုကို လုပ်ဖို့ စဉ်းစားနေပါတယ်” ဟု ကိုဒီးဒီးက ဆိုသည်။
မေ ၁၇ ရက်နေ့ကလည်း ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ အပါအဝင် ရပ်မိရပ်ဖများအား ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးရန် ဖိတ်ခေါ်ပြီး ကရင်နီလူငယ်များအား ထိန်းပေးရန် ပြောဆိုခဲ့သည်ဟု ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးက မဇ္စျိမသို့ ပြောဆိုထားသည်။