ပါရီ၊ မေ ၁၅ ။ ။ အွန်လိုင်းပေါ်မှာ အစွန်းရောက်ဝါဒ ဖြန့်ဝေတာကို ထိန်းချုပ်ဟန့်တားမယ့် လုပ်ငန်းစဉ်ကို နယူးဇီလန်နဲ့ ပြင်သစ်နိုင်ငံတို့ ပြင်ဆင်စိုင်းပြင်းနေချိန်မှာပဲ ဖေ့ဘုတ်ရဲ့ livestreaming feature ကို ပိုမိုထိန်းချုပ် ဟန့်တားသွားဖို့ လက်ခံဆောင်ရွက်မှာ ဖြစ်တယ်လို့ ဖေ့ဘုတ်ကုမ္ပဏီက မေ ၁၅ ရက်မှာ ကြေညာပါတယ်။
တစ်ကမ္ဘာလုံးဆိုင်ရာ Christchurch Call ဆိုတဲ့ လုပ်ငန်းစဉ်ကို ဆောင်ရွက်ကြဖို့ နယူးဇီလန် ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်း ရောက်ရှိလာတာကို ပြင်သစ်သမ္မတ မက်ခရွန်က ပါရီမှာ ဆီးကြိုခဲ့ပါတယ်။
မတ်လအတွင်းက နယူးဇီလန်နိုင်ငံ ခရစ်ချက်မြို့မှာ လူဖြူလူမျိုးကြီးဝါဒီတစ်ဦးက ဗလီနှစ်ခုထဲ သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်တာကို ဖေ့ဘုတ်ကနေ live ဗီဒီယို ထုတ်လွှင့်ခဲ့ချိန်ကစလို့ ဖေ့ဘုတ်တည်ထောင်သူ မတ်ဇူကာဘတ်ဟာ ပြင်းထန်တဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အဲဒီ ခရစ်ချက်မြို့က ဗလီတိုက်ခိုက်မှုမှာ လူပေါင်း ၅၈ ဦးအထိ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
အစွန်းရောက် အကြောင်းအရာတွေကို ဖြန့်ဝေတဲ့ သုံးစွဲသူတွေကို တားမြစ်ဖို့နဲ့ တိုက်ခိုက်တဲ့ ဗီဒီယိုတွေ ပျံ့နှံ့တာကို ထိန်းချုပ်ဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကယ်လီဖိုးနီးယားအခြေစိုက် ဖေ့ဘုတ်ကုမ္ပဏီက ပြောပါတယ်။
“နယူးဇီလန်က အစွန်းရောက် တိုက်ခိုက်မှုနောက်ပိုင်းမှာ ထိခိုက်နစ်နာစေမှာတွေ၊ အမုန်းတရားဖြန့်တာတွေအတွက် ဖေ့ဘုတ်ကို အသုံးပြုတာအပေါ် ကန့်သတ်ထိန်းချုပ်ဖို့ ကျွန်တော်တို့ ပြန်လည်သုံးသပ် လုပ်ဆောင်လျက် ရှိနေပါတယ်။”လို့ ဖေ့ဘုတ် ဒုတိယဥက္ကဌ ဂေးရိုဆန်က ထုတ်ပြန်ချက်တစ်ရပ်မှာ ပြောခဲ့ပါတယ်။