တပ်မတော်၏ တာဝန်ကို မလေးမစားပြုမှုများ ဖြစ်လာနိုင်သည့်အတွက် တရားစွဲခြင်းဟု ထွက်ဆို

တပ်မတော်၏ တာဝန်ကို မလေးမစားပြုမှုများ ဖြစ်လာနိုင်သည့်အတွက် တရားစွဲခြင်းဟု ထွက်ဆို
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ မေလ ၉  ။      ။ ဒါရိုက်တာမင်းထင်ကိုကိုကြီးအား တရားစွဲဆိုရခြင်းမှာ ၎င်းရေးသားထားသည့် လူမှုကွန်ရက်စာမျက်နှာမှ စာများ မှာ တပ်မတော်၏ ဂုဏ်သိက္ခာပိုင်းကို ထိခိုက်စေသည့်အပြင် တပ်မတော်၏ တာဝန်ကိုပါ မလေးမစား ပြုများ ဖြစ်လာနိုင်သည့်အတွက် တရားစွဲရခြင်းဖြစ်ကြောင်း တရားလိုပြသက်သေဖြစ်သည့် ဗိုလ်ကြီးဇေယျာလင်းက ထွက်ဆိုခဲ့သည်။

မေလ ၉ ရက်နေ့၊ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တရားရုံးတွင်  ဒါရိုက်တာမင်းထင်ကိုကိုကြီးကို ၃ ကြိမ်မြောက်ရုံး ထုတ်ခဲ့ပြီး တရားလိုပြသက်သေဖြစ်သူ တပ်မတော်ဘက်မှ ဗိုလ်ကြီးဇေယျာလင်းကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

" စစ်ဆေးတဲ့အခါမှာ သူက အဲ့ဒီလိုပေါ့နော်။ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေအောင်ရေးတယ်။ နောက် တစ်ခုက စစ်ပုန်ကန်မှုတို့၊ တာဝန်ကို မလေးမစားပြုမှုတွေ ဖြစ်လာနိုင်တယ်။ အဲ့ဒီအတွက် တရားစွဲရပါတယ်လို့ ပြောပါတယ်။ အဲ့ဒီတော့ ဥပဒေကြောင်းအရတော့ အဲ့ဒီလို့ ထွက်ဆိုချက်က ကျွန်တော်တို့ စွပ်စွဲခံရသူအတွက် အားသာတဲ့အချက်ပါပဲ။ ဒါပေမယ့် နောက်သက်သေတွေကို စောင့်ကြည့်ရဦးမယ်"ဟု တရားစွဲခံရသူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြော သည်။

အဆိုပါအချက်နှင့် ပတ်သက်ပြီး တရားခွင်မှ အထွက်တွင် တပ်မတော်ဘက်သို့ မဇ္စျိမအနေဖြင့် မေးမြန်းခဲ့သော် လည်း " ဘာမှ မပြောချင်ပါဘူး"ဟု သာဖြေကြားခဲ့သည်။

ထိုသို့ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည့်စာနှင့် ပတ်သက်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅ဝ၅ (က)နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆ (ဃ)တို့ဖြင့် တပ်မတော်ဘက်မှ အမှုဖွင့်တရားစွဲဆိုထားသည့် အပေါ် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက တရားခွင်မှအထွက်တွင် "ဥပဒေကိုမသိတာလား၊ ဒါမှမဟုတ် ဥပဒေကို သိလျက်နဲ့ ကျော်လွန်ပြီးတော့ လုပ်နေတာလား "ဆိုကာ မေးခွန်းထုတ် ပြောဆိုခဲ့သည်။

" ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ပြစ်မှုတစ်ခုတည်းကို ဥပဒေနှစ်ခုနဲ့ ပုဒ်မနှစ်ခုနဲ့ တရားစွဲလို့မရဘူးလေ။ ဒါပေမယ့် အခုဟာက ဒီ ရေးသားချက်တစ်ခုတည်းကိုပဲ၊ ဒီ ၁ဝချက်တည်းကိုပဲ ၆၆(ဃ) နဲ့ပဲ ရဲစခန်းမှာ တရားစွဲ ထားတယ်။ ပြီးတော့ ၅၀၅(က)နဲ့ တရားရုံးမှာ ဦးတိုက်လျှောက်ထားတယ်။ ဆိုလိုတာက ဥပဒေကို မသိတာ လား။ ဒါမှမဟုတ် သိရက်နဲ့ တမင်ပေါ့နော်။ ဥပဒေကို ကျော်လွန်ပြီးတော့ လုပ်နေတာလားဆိုတဲ့ဟာ ထုတ်ရ မယ့် မေးခွန်းဖြစ်နေတာပေါ့ "ဟု စွပ်စွဲခံရသူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။

လူသိများထင်ရှားသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ) ဖြင့် အင်းစိန်မြို့မရဲစခန်းတွင်တရားစွဲခဲ့ပြီး အင်းစိန် မြို့နယ်တရားရုံးတွင်လည်း ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅ဝ၅(က)ဖြင့် ဦးတိုက်လျှောက် တရားစွဲဆိုထားခြင်း ဖြစ်သည်။

ကျန်းမာရေး ပြဿနာကြောင့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးဘက်မှ အချုပ်လွတ် အာမခံရရန် အင်းစိန်မြို့နယ် တရားရုံးသို့ ၂ ကြိမ်အထိ လျှောက်ထားခဲ့သော်လည်း ပယ်ချခံခဲ့ရပြီး လက်ရှိတွင် အင်းစိန်ထောင်တွင် ချုပ်နှောင်ထားသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ဆက်လက်စစ်ဆေးရန်အတွက် အင်းစိန်မြို့နယ်တရားရုံးမှ လာမည့် မေလ ၂၃ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly