ဧပြီ ၈ ။ ။ မြန်မာနိုင်ငံ နယ်စပ်အနီး ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းက ကျွန်းတစ်ကျွန်းပေါ်မှာ လက်နက်အပြည့်အစုံ တပ်ဆင်ပေးထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ ဧပြီ ၇ ရက်မှာ တပ်ချပေးထားကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် တပ်ချခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။
ဘင်္ဂလား ပင်လယ်အော်တွင်းက ကျွန်းငယ်တစ်ခုဖြစ်တဲ့ စိန့်မာတင်ကျွန်းမှာ ရိုင်ဖယ်ကိုင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ဒါဇင်နဲ့ချီတို့ကို တပ်ချထားတဲ့ ပုံရိပ်တွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB က ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။
ခုလို တပ်ဖွဲ႔ ဝင်တွေ တပ်ချထားခြင်းကတော့ နယ်စပ်လုံခြုံရေး စောင့်ကြပ်ဖို့နဲ့ မူးယစ်မှောင်ခိုမှုတွေကို နှိမ်နင်းဖို့အတွက် ရည်ရွယ်တဲ့ ပုံမှန် လုပ်ရိုးလုပ်စဉ် လုပ်ဆောင်ချက်တွေရဲ့ တစ်စိတ်တစ်ဒေသ သာဖြစ်တယ်လို့ BGB က ပြောပါတယ်။
ဒါပေမယ့်လည်း ယင်းကျွန်းပေါ်ကို ၎င်းတို့ နိုင်ငံသားတွေ စတင်ခြေချခဲ့တဲ့ ၁၉၉၇ နောက်ပိုင်း ခုလို တပ်ဖြန့်ခြင်းက ပထမဆုံးဖြစ်တယ်လို့ BGB က ဒုဗိုလ်မှူးကြီး Sarker Mohammad Mustafizur Rahman က ပြောပါတယ်။
“ နှစ် ၂၀ ကျော်လောက် ကြာပြီးမှာ ဒီလို တပ်ချမှုတွေ လုပ်သင့်တယ်လို့ ကျွန်တော်တို့ ခံစားမိခဲ့ကြပါတယ်” လို့ ၎င်းက ပြောသွားပါတယ်။
ဒါဟာ မြန်မာနိုင်ငံ မြေပုံတစ်ချို့မှာ စိန့်မာတင်ကျွန်းကို ထည့်သွင်းထားခဲ့ခြင်းနဲ့ပတ်သက်လို့ ဒါကာမြို့ရှိ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်ခဲ့ပြီးနောက် နှစ်လအကြာမှာပဲ ခုလို ယင်းကျွန်းမှာ ဘင်္ဂလားဒေ့ရှ်ဘက်က တပ်ချလာခဲ့တာလည်း ဖြစ်ပါတယ်။