သဘောတူညီချက်မဲ့ ဘရစ်ဇစ်အတွက် အီးယူက ပြင်ဆင်ထားပြီး ဖြစ်

သဘောတူညီချက်မဲ့ ဘရစ်ဇစ်အတွက် အီးယူက ပြင်ဆင်ထားပြီး ဖြစ်

ဘရပ်ဆဲလ်၊ မတ် ၂၅ ။           ။ အီးယူအဖွဲ့ကြီးကနေ ဗြိတိန် နုတ်ထွက်တဲ့ ဘရစ်ဇစ်အရေးမှာ သဘောတူညီချက် မပါလည်း ဗြိတိန်နိုင်ငံ အီးယူကနေ ကွဲထွက်သွားရေးအတွက် ပြည့်ပြည့်ဝဝ ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ အီးယူအဖွဲ့ကြီးက မတ် ၂၅ ရက်မှာ ကြေညာပါတယ်။

ဘရစ်ဇစ်အရေးမှာ သဘောတူညီမှု မရဘဲ ဖရိုဖရဲ ဖြစ်နေလိမ့်မယ်လို့ စိုးရိမ်ပူပန်မှုတွေ ရှိနေချိန်မှာ အီးယူအနေနဲ့ သဘောတူညီချက် မပါတဲ့ ဘရစ်ဇစ်အတွက် ပြင်ဆင်ပြီး ဖြစ်တယ်လို့ ခုလို ကြေညာချက် ထုတ်လာတာပါ။

“ဘရစ်ဇစ်အရေးမှာ သဘောတူညီချက်တစ်ရပ်ရပ်ကို ဧပြီ ၁၂ ရက်အမီ ဗြိတိန်နိုင်ငံက မဖော်ဆောင်နိုင်ဘဲနဲ့ နုတ်ထွက်သွားရမယ့် အခြေအနေက ပိုပြီး အလားအလာ များနေပါတယ်။ ဒီလို အခြေအနေ အချိန်အခါမျိုးမှာ အီးယူအနေနဲ့ သဘောတူညီချက်မဲ့ ဗြိတိန်နိုင်ငံ အီးယူက နုတ်ထွက်သွားမှုကို အသင့်ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။”လို့ အီးယူကော်မရှင်က ဆိုပါတယ်။

ဗြိတိန်နိုင်ငံတွင်းမှာ ဘရစ်ဇစ်အရေးအတွက် ဝန်ကြီးချုပ် ထရီဆာမေကနေပြီး အီးယူခေါင်းဆောင်တွေနဲ့ ညှိနှိုင်းရယူထားတဲ့ သဘောတူညီချက်ကို လွှတ်တော်မှာ နှစ်ကြိမ်တိုင် မဲပေးရာမှာ ပယ်ချခံခဲ့ရပါတယ်။ ဒီအတွက် တရားဝင် နုတ်ထွက်ရမယ့် မတ် ၂၉ ရက် ယခင် သတ်မှတ်ရက်ကို ရက်ရွှေ့ဆိုင်းထပ်တိုးပေးဖို့ ဗြိတိန်က မေတ္တာရပ်ခံခဲ့တာကို အီးယူက သဘောတူပေးခဲ့တာလည်း ရက်ပိုင်းပဲ ရှိပါသေးတယ်။

ဒီအခြေအနေကြားမှာ အီးယူနဲ့ ရယူထားတဲ့ ထရီဆာမေရဲ့ ခွဲထွက်ရေးဆိုင်ရာ သဘောတူညီချက်ကို ဗြိတိန်နိုင်ငံအတွင်း နောက်ထပ်တစ်ခါ ထပ်ပြီး ပယ်ချခံရဖို့ အလားအလာများနေတဲ့အချိန်မှာ သဘောတူညီချက်် မပါတဲ့ ဘရစ်ဇစ်အတွက် ပြင်ဆင်ထားပြီးကြောင်းကို အီးယူက ကြေညာလာခဲ့တာပါ။

ဒီလို နုတ်ထွက်ရေးဆိုင်ရာ သဘောတူညီမှုကို ဗြိတိန်အမတ်တွေက အတည်မပြုပေးနိုင်ခဲ့ရင် အီးယူအနေနဲ့ အဖွဲ့ကနေ ဗြိတိန်နုတ်ထွက်ခြင်းကို ချက်ချင်းဆိုသလို အတည်ပြုသတ်မှတ်ရတော့မှာ ဖြစ်ပါတယ်။

ဗြိတိန်ကို အီးယူကနေ ခုလို ခွဲထုတ်လိုက်ပြီးပြီဆိုရင် ကျင့်သုံးရမယ့် လေယာဉ်ပျံသန်းမှုနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍကနေ ခရီးသွားလာရေး စည်းမျဉ်းစည်းကမ်းတွေအထိ အဓိကနယ်ပယ် ၁၃ ရက်အတွက် လုပ်ငန်းစဉ်တွေကို အီးယူကော်မရှင်က အကြမ်းဖျင်း ရေးဆွဲပြီး ပြင်ဆင်ထားပြီးတာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly