ဘန်ကောက်၊ မတ် ၂၃ ။ ။ လာမယ့် မတ် ၂၄ ရက်မှာ ကျင်းပတော့မှာဖြစ်တဲ့ အထွေထွေ ရွေးကောက်ပွဲအတွက် ထိုင်းနိုင်ငံဟာ ဘန်ကောက်က ဖရာထိုင်းခရိုင်ရုံးမှာ မဲပုံးတွေ၊ မဲစာရင်းမှတ်ပုံတင်စာရွက်စာတမ်းတွေကို စိစစ်ချိတ်ပိတ်ပြီး ပြင်ဆင်ဆောင်ရွက်လျက် ရှိနေပြီ ဖြစ်ပါတယ်။
အစဉ်အလာရှိထားတဲ့ ပျူထိုင်းပါတီဟာလည်း ရွေးကောက်ပွဲအကြို မတ် ၂၃ ရက်အထိ နောက်ဆုံးမဲဆွယ် စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ဆောင်နေလျက် ရှိပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့မှာဆိုရင် ထိုင်းစစ်အစိုးရကို ထောက်ခံတဲ့ပါတီရော၊ ဆန့်ကျင်တဲ့ ပါတီတွေရောပါ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
ဒီ ရွေးကောက်ပွဲဟာဆိုရင် ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေးအောက် ရှစ်နှစ်တာမှာ ပထမဆုံးကျင်းပတဲ့ ရွေးကောက်ပွဲကြီးတစ်ရပ်ပါပဲ။
၂၀၁၄ မှာ အာဏာသိမ်းခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ ဝန်ကြီးချုပ်ကို မဲပေးနိုင်တဲ့ စစ်တပ်က ခန့်အပ်တဲ့ လွှတ်တော်အမတ်တွေ ကူညီထောက်ပံ့မှုနဲ့အတူ အောင်နိုင်ပွဲအတွက် မျှော်လင့်နေပါတယ်။
အာဏာသိမ်းခေါင်းဆောင် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကလည်း ၎င်းရဲ့ ဖာလန်ဖရာချာရတ်ပါတီကနေ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
ဒါပေမယ့် ပရာယွတ်အနေနဲ့ ၂၀၀၁ ခုနှစ်မှာ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ သြဇာကြီးတဲ့ ရှင်နာဝတ်ထရာနိုင်ငံရေးမိသားစုနဲ့ ဆက်စပ်တဲ့ ပါတီအချို့ရဲ့ ယှဉ်ပြိုင်မှုကို ရင်ဆိုင်ရမှာပါ။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝတ်ထရာဟာ ၂၀၀၆ အာဏာသိမ်းမှုမှာ ဖြုတ်ချခံခဲ့ရသလို သူ့ရဲ့ ညီမဖြစ်သူ ယင်လပ်အစိုးရဟာလည်း ၂၀၁၄ စစ်အာဏာသိမ်းမှုမှာ ပြုတ်ကျခဲ့ရတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ ရှင်နာဝတ်ထရာအုပ်စုကို ထောက်ခံတဲ့ အင်အားစုတွေနဲ့ စစ်တပ်နဲ့ နှီးနှောပတ်သက်ပြီး နိုင်ငံရဲ့ ဘုရင်မင်းမြတ်ကို ကာကွယ်တဲ့ တည်ငြိမ်ရေးအင်အားစုအဖြစ် ၎င်းတို့ကိုကို သတ်မှတ်ထားတဲ့ အထက်တန်းလွှာတွေကြား ဂိုဏ်းဂဏ ကွဲပြားလျက်ရှိနေပါတယ်။