မတ်လ ၁၇၊ ရန်ကုန် ။ ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်သည် အာဆီယံဘောလုံးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌအဖြစ် ၂၀၁၉ မှ ၂၀၂၃ အထိ ရွေးချယ် တာဝန်ပေးခြင်းခံရကြောင်း MFF မှ မတ် ၁၇ ရက်တွင် ထုတ်ပြန်သည်။
ယနေ့ မတ်လ ၁၇ ရက်၊ ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့တွင် ကျင်းပခဲ့သည့် အာဆီယံဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်တွင် အဆိုပြုရွေးချယ်မှုအရ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ဒုတိယအကြိမ် မြောက်အဖြစ် အာဆီယံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌတာဝန်ကို ဆက်လက်ထမ်းဆောင် သွားမည်ဖြစ်သည်။
သြစတြေးလျနှင့် အာဆီယံဒေသတွင်း နိုင်ငံများအားလုံး ပါဝင်သည့် အာဆီယံဘောလုံးအဖွဲ့ချုပ်တွင် ဥက္ကဋ္ဌ အသစ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံမှ Major General Khiev Sameth က ရွေးချယ်တင်မြှောက်ခံခဲ့ရပြီး မြန်မာမှ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် မလေးရှားမှ ဘင်ဟာဂျီမိုဒ်အမင်၊ တီမောမှ ဖရန်စ္စကိုခါလ်ဘူအာဒီလေ တို့နှင့် အတူ ဒုတိယဥက္ကဋ္ဌတာဝန်များ ထမ်းဆောင်သွားကြမည် ဖြစ်သည်။
အဆိုပါ အာဆီယံဘောလုံးအဖွဲ့ချုပ်ကောင်စီအစည်းအဝေးသို့ MFF ဥက္ကဋ္ဌနှင့်အတူ စီအီးအို ဦးဘုန်းနိုင်ဇော်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းတို့ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။