ဒါကာ၊ မတ် ၁၇ ။ ။ နယူးဇီလန် ဗလီကျောင်း တိုက်ခိုက်မှုကနေ ကပ်သီလေး အသက်ရှင်လွတ်မြောက်လာခဲ့ကြတဲ့ ဘင်္ဂလားဒေ့ရှ် ခရစ်ကတ်အသင်းသားတွေဟာ မတ်လ ၁၆ ရက်မှာတော့ မြို့တော် ဒါကာကို ပြန်ရောက်လာခဲ့ကြပါတယ်။
လူ ၅၀ သေဆုံးခဲ့ရတဲ့ ခရစ်ချာ့ချ်မြို့ ဗလီကျောင်း ပစ်ခတ်မှု ဖြစ်ပြီး နောက်တစ်နေ့မှာပဲ ၎င်း ဘင်္ဂလားဒေ့ရှ် ခရစ်ကတ်ကစားသမားတွေ အိမ်ပြန်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။
အဖွဲ့ဝင် ၁၇ ဦးပါရှိတဲ့ ဘင်္ဂလားဒေ့ရှ် ခရစ်ကတ်အသင်းသားတွေဟာ မတ်လ ၁၅ ရက်က ခရစ်ချာ့ချ်မြို့ Masjid al Noor ဗလီမှာ ဝတ်ပြုဆုတောင်းဖို့ ဘတ်စ်ကားနဲ့ လာရောက်ခဲ့ပြီး ဗလီအနီးရောက်လာချိန်မှာ သေနတ်သမားက ယင်း ဗလီကျောင်းအဆောက်အအုံကို ဝင်ပြီး ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
ယင်း နယူးဇီလန် ဗလီကျောင်းတိုက်ခိုက်မှုကတော့ အနောက်နိုင်ငံ တစ်နိုင်ငံမှာ မွတ်ဆလင်တွေကို တိုက်ရိုက်ပစ်မှတ်ထားတိုက်ခိုက်တဲ့ အဆိုးဝါးဆုံး အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။
ယခုအခါမှာတော့ ယင်း အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါမသွားဘဲ ကပ်သီလေး လွတ်မြောက်လာခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် အသင်းသားတွေ ဒါကာကို ပြန်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။
“ ခုချိန်မှာ ကျွန်တော် ပြောနိုင်တာတစ်ခုက ကျွန်တော်တို့အားလုံး အတော့်ကို ကံကောင်းခဲ့ကြပါတယ်၊ ကံသီပေလို့ပေါ့ဗျာ” အသင်းခေါင်းဆောင် မာမွတ် ရီယက်ဒ် က သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။
အဆိုပါ တိုက်ခိုက်မှုဖြစ်ပြီးနောက် တာဝန်ရှိသူတွေတိုင်ပင်ပြီး အဆိုပါ ဘင်္ဂလားဒေ့ရှ် ခရစ်ကတ်အသင်းအနေနဲ့ ကစားရမယ့် ပွဲတွေကို ဖျက်သိမ်းကာ နေရပ်ကို ပြန်လာခဲ့ကြတာဖြစ်ပါတယ်။