မတ်လ ၁၄ ။ ။ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေး စည်းမျဉ်း အပိုဒ်(၆-င) အရ ရွိုင်ရယ်သန်လျင်အသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့အား ဒဏ်ကြေးငွေကျပ် ၅ သိန်းစီ အသီးသီး ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။
MPT Myanmar National League (U-20) 2019 ပြိုင်ပွဲဝင် ရွိုင်ရယ်သန်လျင်အသင်းနှင့်၂၀၁၉ ဗိုလ်ချုပ် အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲဝင် ကချင်ယူနိုက်တက်အသင်းတို့အား ယှဉ်ပြိုင်ရန် ပေးပို့ထားသည့် စာရင်းအရ ပျက်ကွက်မှုများအပေါ် အရေးယူခဲ့ခြင်း ဖြစ်သည်။
ရွိုင်ရယ်သန်လျင်အသင်းမတ်လ ၁၀ ရက်က ပဒုမ္မာကွင်း၌ ကျင်းပသည့် ပွဲစဉ်အမှတ်(၁၃) ISPE FC – Royal Thanlyin FC အသင်းတို့ ပွဲစဉ်တွင် အုပ်ချုပ်မှုအဖွဲ့ဝင် (၁) ဦး၊ ကစားသမား (၁၄) ဦး(စာရင်းပါ ၁၅ ဦးအနက်) တစ်ဦး ပျက်ကွက်ဖြင့် ပြိုင်ပွဲဝင်ခဲ့သည့်အပေါ် ပြစ်ဒဏ်ချမှတ် အရေးယူခဲ့ခြင်း ဖြစ်သည်။
၂၀၁၉ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲဝင် ကချင်ယူနိုက်တက်အသင်းကို ဒဏ်ကြေးငွေကျပ် ၅ သိန်း ပြစ်ဒဏ်ချမှတ်ခဲ့ပြီး မတ်လ ၁၃ ရက်က သုဝဏ္ဏအားကစားကွင်း၌ ကျင်းပသည့် ပွဲစဉ်အမှတ်(၁) ကချင် ယူနိုက်တက်နှင့် မြဝတီအက်ဖ်စီအသင်းတို့ ပွဲစဉ်တွင် ကချင်ယူနိုက်တက်အသင်းသည် အုပ်ချုပ်မှု အဖွဲ့ဝင် ၂ ဦး၊ ကစားသမား ၁၈ ဦး (စာရင်းပါ ၂၃ ဦး) အနက်မှ အုပ်ချုပ်မှုအဖွဲ့ဝင် ၃ ဦး ပျက်ကွက်ဖြင့် ပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည်။
ထို့ကြောင်႔ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေး စည်းမျဉ်း MNL I & II Regulations 2019 အပိုဒ်(၆-င) အရ လည်းကောင်း၊ General Aung San Shield 2019 အပိုဒ်(၆-င) အရလည်းကောင်း၊ ရည်ညွှန်းချက်ပါစာဖြင့် ထပ်မံညွှန်ကြားထားသည့်ကြားမှ ပျက်ကွက်ခဲ့ခြင်းအတွက် လည်းကောင်း ရွိုင်ရယ်သန်လျင်အသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့ကို ပထမဆုံးအကြိမ်အဖြစ် ဒဏ်ကြေးငွေကျပ် ၅၀၀,၀၀၀ ပေး ဆောင်ရန် ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။
ထို့ပြင် အလားတူကိစ္စရပ်များ မဖြစ်ပေါ်စေရန် အသင်းဥက္ကဋ္ဌနှင့်အသင်းတာဝန်ရှိသူများက သေချာကြပ်မတ် ဆောင်ရွက်သွားရန် အသိပေးအကြောင်းကြားခဲ့သည်ဟု မြန်မာနေရှင်နယ်လိဂ်မှ မတ်လ ၁၄ ရက် ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။