အကျဉ်းထောင်ထဲမှာ အသတ်ခံခဲ့ရတဲ့ ပါကစ္စတန်ထောင်သားကို အိန္ဒိယက ပြန်လည်လွှဲပြောင်းပေး

အကျဉ်းထောင်ထဲမှာ အသတ်ခံခဲ့ရတဲ့ ပါကစ္စတန်ထောင်သားကို အိန္ဒိယက ပြန်လည်လွှဲပြောင်းပေး

မတ် ၃ ။          ။      အိန္ဒိယ မြောက်ပိုင်းပြည်နယ် ရာဂျက်စတန်ရှိ အကျဉ်းထောင်တစ်ခုမှာ အကျဉ်းကျနေစဉ် အသတ်ခံခဲ့ရတဲ့ ပါကစ္စတန် ထောင်သားတစ်ဦးရဲ့ ရုပ်အလောင်းကို ယခုအခါ နယူးဒေလီ အာဏာပိုင်တွေက ပါကစ္စတန်ထံ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ပါကစ္စတန်ထောင်သား ရှာကီရူလာကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ က Jaipur အကျဉ်းထောင်မှာ အခြားအကျဉ်းသားတွေက ကျောက်ခဲနဲ့ထုသတ်လို့ သေခဲ့ရတာဖြစ်ပါတယ်။ ဒါဟာ အိန္ဒိယစစ်သား ၄၀ သေဆုံးခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပြီး ပါကစ္စတန် မုန်းတီးရေး ခံယူချက်တွေ ပြင်းထန်နေခဲ့တဲ့ ရက်သတ္တပတ်တွေနောက်ပိုင်း အကျဉ်းသား ရှာကီရူလာ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။

နှစ်ဘက်တင်းမာနေစဉ် ငြိမ်းချမ်းရေး ရယူမှုအဖြစ် အိန္ဒိယ လေသူရဲ အက်ဘ်ဟီနန်ဒန် ဗာသီမန်ကို ပါကစ္စတန်တို့ ပြန်လွှတ်ပေးပြီး နောက်တစ်ရက်မှာပဲ Wagah-Attari နယ်စပ်ဂိတ်မှာ ယင်း အကျဉ်းသားရုပ်အလောင်းကို ပြန်လည် လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

အကျဉ်းသား ရှာကီရူလာရဲ့ အကိုနဲ့ ဇနီးဖြစ်သူတို့ကတော့ မတ်လ ၁ ရက်က နယ်စပ်ဂိတ်မှာ ဆန္ဒထုတ်ဖော်ခဲ့ပြီး ၎င်းရဲ့ ရုပ်အလောင်း ပြန်မလွှဲမချင်း အိန္ဒိယ လေသူရဲကို ပြန်မလွှတ်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

“ သူက တကယ်တော့  အိန္ဒိယနိုင်ငံထဲကို ၂၀၀၁ ခုနှစ်က မတော်တဆ  ဖြတ်ကျော်ဝင်ရောက်ခဲ့မိတာပါ၊ သူ ပျောက်နေတယ်ဆိုတဲ့ သတင်းရပြီး သူ အိန္ဒိယမှာ ရောက်နေတယ်ဆိုတာ ကျွန်တော်တို့ မသိခဲ့ပါဘူး၊ နောက်တော့  ရုပ်သံချန်နယ်တွေမှာ သူ့ကို မြင်တော့မှ ကျွန်တော်တို့ အံ့အားသင့်ခဲ့ရပါတယ်” လို့ အကိုဖြစ်သူ ရှာဇက် ဂူဖမ်က ဆိုပါတယ်။

ယခုလို အကျဉ်းသားသေဆုံးမှုကိစ္စနဲ့ပတ်သက်လို့ ပါကစ္စတန်အစိုးရက အိန္ဒိယကို အပြင်းအထန် ကန့်ကွက်ကြောင်း ပြောဆိုခဲ့ပါတယ်။ ယင်းအပြင် အိန္ဒိယ ထောင်တွေထဲမှာ ရှိနေဆဲ ပါကစ္စတန်နိုင်ငံသားတွေကို လုံခြုံရေးပိုမို စီမံဆောင်ရွက်ပေးဖို့ တောင်းဆိုသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly