ကတ်တလန်ရဲ့ အထင်ကရ နူးကမ့်ဘောလုံးကွင်းကို ကမ္ဘာပေါ်မှာ 5G ကွန်ရက်ဖြန့်ကျက်နိုင်တဲ့ ပထမဆုံးဘောလုံးကွင်းဖြစ်လာစေမယ့် ရည်မှန်းချက်အစီအစဉ်တွေကို ဘာစီလိုနာအသင်းက ထုတ်ဖော်ပြသလိုက်ပါတယ်။
Tech Radar ရဲ့ ဖော်ပြချက်အရ လာလီဂါဘီလူးကြီးဟာ စပိန်တယ်လီကွန်းအော်ပရေတာဖြစ်တဲ့ Telefónica နဲ့ ပူးပေါင်းပြီး ကစားကွင်းအတွင်း 5G နည်းပညာနဲ့ လွှမ်းခြုံမယ့် Espai Barca ပရောဂျက်ကို လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဒီစီမံကိန်းဟာ တခြားနေရာက ကြည့်ရှုတဲ့ ပရိသတ်တွေကို ပိုပြီးဆွဲခေါ်ယူနိုင်လိမ့်မယ်လို့ သူတို့က မျှော်လင့်နေပါတယ်။
အိမ်ကနေ ကြည့်ရှုသူတွေဟာ ဒါရိုက်တာအဖွဲ့ရဲ့ ပွဲကြည့်ခန်း၊ ဂိုးပေါက်ရဲ့ အနောက်ဘက်ကြည့်စင်တွေကနေ အပြင်မှာ မြင်နိုင်တဲ့အတိုင်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါကတော့ ကွင်းပတ်လည်မှာ ထားရှိတဲ့ 360 ဒီဂရီ ကင်မရာတွေကြောင့် 4K ရုပ်ထွက်နဲ့ ဘောလုံးပွဲကို မတူညီတဲ့ နေရာအမျိုးမျိုးကနေ ကြည့်ရှုဖို့ VR မျက်မှန် (virtual-reality glasses) တွေ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။
Telefonica ရဲ့ လိုင်စင်ရ လှိုင်းနှုန်းစဉ်နဲ့ Ericsson ရဲ့ commercial equipment တွေကို အသုံးပြုပြီး 30Mbps နှုန်းကနေ 200Mbps အထိ အဆင့်မြှင့်ထုတ်လွှင့်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
5G ကွန်ရက်ရဲ့ အလွန်မြန်ဆန်တဲ့ ဒေတာမြန်နှုန်းနဲ့ လိုင်းဆွဲအား နှေးမှု မရှိသလောက်မြန်တဲ့ စွမ်းဆောင်ရည်ပိုမြင့်မှုတွေကြောင့် 4K ရုပ်ထွက်မြင့် 360 degree ဗီဒီယိုတွေကို လူမှုကွန်ရက်တွေနဲ့ တရားဝင် apps တွေမှာ ဖန်တီးနိုင်တော့မှာဖြစ်ပါတယ်။
ဒီပရောဂျက်နဲ့ ပတ်သက်လို့ ဘာစီလိုနာဥက္ကဋ္ဌ ဂျိုးဆက်ပ် မာရီယာ ဘာတိုမူက “နူးကမ့်ဟာ 5G ကွန်ရက် ဖြန့်ကျန့်နိုင်တဲ့ ဥရောပက ဘောလုံးကွင်းထဲမှာ ပထမဆုံးဘောလုံးကွင်းဖြစ်လာမှာကြောင့် ကျနော်တို့ကို အလွန်တရာ ဂုဏ်ယူစေပါတယ်။"လို့ ပြောပါတယ်။
“နူးကမ့်ဟာ ဥရောပရဲ့ အကြီးဆုံး ဘောလုံးကွင်းဖြစ်ပါတယ်။ ဒီကွင်းက ပရိသတ်ပေါင်း ၉၀,၀၀၀ ကျော် ဆံ့ပြီး Espai Barca ပရောဂျက် ပြီးမြောက်တဲ့အခါ လူပေါင်း ၁၀၅,၀၀၀ အထိ ဝင်ဆံ့လာမှာဖြစ်ပါတယ်။
“ဒီသဘောတူညီချက်အတွက် ဘာစီလိုနာနဲ့ GSMA တို့ကြား သဘောတူညီထားတာဖြစ်ပြီး Telefonica နဲ့ ပူးပေါင်းထားတာပါ။ ကျနော်တို့ဟာ 5G မိုဘိုင်းဆက်သွယ်းရေးမှာ အဆင့်မြင့်ဆုံး နည်းပညာပိုင်းအတွက် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနစင်တာတစ်ခု နူးကမ့်မှာ တည်ဆောက်ပြီးဖြစ်ပါတယ်။
ကတ်တလန်ကလပ်အသင်းဟာ လူမှုကွန်ရက်နဲ့ တခြား ဝက်ဘ်ပလက်ဖောင်းတွေမှာ ပရိသတ်တွေ ခိုင်မာစေဖို့ ခါးသီးပြိုင်ဘက် ရီးယဲလ်မက်ဒရစ်၊ တခြား ဥရောပအသင်းတွေနဲ့ ယှဉ်ပြိုင်နေပြီး ဘာကာအသင်းဟာ 5G ကွန်ရက်က ပရိသတ်တွေနဲ့ ထိတွေ့ဆက်ဆံမှု မြှင့်တက်နိုင်တယ်လို့ ယုံကြည်နေပါတယ်။
Ref; Sport Bible