ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ။ ။ ဘန်ကောက်တူမန္တလေး ဇာတ်ကား ရိုက်ကူးသူ ရုပ်ရှင်ဒါရိုက်တာက နောက်ရိုက်မဲ့ ရုပ်ရှင်ဇာတ်ကားအတွက် မြန်မာ အမျိုးသမီး သရုပ်ဆောင်သစ်တွေ ခေါ်ယူမယ်လို့ သိရပါတယ်။
“From Chao Phraya to Ayeyawaddy ” လို့ အမည်ပေးထားတဲ့ တီဗီစီးရီး ရိုက်ကူးရန်အတွက် ဖြစ်ပြီး တပ်မတော်ခန်းမမှာပြုလုပ်မဲ့ ထိုင်းကုန်စည်ပြပွဲမှာ ဖေဖော်ဝါရီ ၂၁ ရက်နှင့် ၂၃ ရက်တို့တွင် နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီအထိ ( Opening Casting Call for Actress)ရွေးချယ်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
အသက် ၁၈ နှစ်ကနေ ၂၈ ကြားရှိတဲ့ အမျိုးသမီးမျက်နှာသစ်တွေကို ရှာဖွေနေတာ ဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထိုင်းဒါရိုက်တာ Chartchai Krtnust ရိုက်ကူးမဲ့ ၃ ကားမြောက်ဇာတ်ကားလည်း ဖြစ်ပါတယ်။
ထိုင်းဒါရိုက်တာက နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ထိုင်းမင်းသမီး Pilaiporn Supinchonpoo၊ ဝတ်မှုန်ရွှေရည်တို့ ပါဝင်တဲ့ From Bangkok to Mandalay ဇာတ်ကား ၊ နိုင်းနိုင်း၊ ဝတ်မှုန်ရွှေရည်၊ ဒေါင်း တို့ပါဝင်တဲ့ လိပ်ပြာ စံအိမ်( The Only Mom) ဇာတ်ကားတွေကို ရိုက်ကူးခဲ့ပြီး မြန်မာပရိသတ်ရဲ့ အားပေးမှုကို ရရှိထားသူပါ။
ထိုင်းကုန်စည်များပြပွဲ (Top Thai Brands 2019) ကို ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၄ ရက်အထိ နံနက် ၁၀ နာရီ မှ ညနေ ၆ နာရီအတွင်း ရန်ကုန်မြို့၊ တပ်မတော်ခန်းမမှာ ပြုလုပ်မှာပါ။