မကွေး ဖေဖော်ဝါရီလ (၄)ရက် ။ ။ မကွေးမြို့တွင် ဖေဖော်ဝါရီလ (၃)ရက် ည(၇)နာရီအချိန်က ဧရာဝတီမြစ်လက်တက်ခွဲ ရေတိမ်ပိုင်းကို လမ်းလျှောက်ပြီး တစ်ဖက်သောင်ပြင်ခုံမှ အကြော်ဆိုင်သို့ သွားခဲ့သူ ၄ ဦးအနက် ၃ ဦးမှာ ရေစီးဖြင့် မျောပါပျောက်ဆုံးနေကြောင်း မကွေးမြို့ ရဲတပ်ဖွဲ့မှသိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၃)ရက် ည(၇)နာရီအချိန်က မကွေးမြို့ နံကပ်ကျွန်ကျေးရွာအုပ်စု နံကပ်ကျွန်း ကျေးရွာရှိ ရေချိုးဆိပ်မှ ဧရာဝတီမြစ် အလယ်သောင်ခုံတွင် ဖွင့်လှစ်ထားသည့် အကြော်ဆိုင်သို့ အကြော် သွားစားရန်အတွက် မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်တွင် နေထိုင်သူများဖြစ်သော ဦးစည်သူဖြိုး (၃၀)နှစ်၊ မောင်ဝေယံ (၁၉)နှစ်၊ မောင်ညိုကြီး(၂၁)နှစ်၊ မသီရိရဲလွင် (၂၄)နှစ်တို့(၄)ဦးမှာ မြစ်ကို စက်လှေဖြင့်မကူးဘဲ ရေပြင် အကျယ်ပေ (၂၀၀) ခန့်ရှိသော (ဧရာဝတီမြစ်လက်တက်ခွဲ) တစ်ဖက်သောင်ပြင်ခုံသို့ ရောက်ရှိရန် လမ်းလျှောက်သွားခဲ့ကြကြောင်း သိရသည်။
အဆိုပါ ၄ ဦးသည် မြစ်လယ်သို့အရောက်တွင် ဆက်လက်သွားနိုင်ခြင်းမရှိဘဲ ဦးစည်သူဖြိုး ၊ မောင်ဝေယံ ၊ မောင်ညိုကြီး တို့(၃)ဦးမှာ ရေနစ်၍ ရေစီးနှင့်အတူမျောပါသွားခဲ့ပြီး မသီရိရဲလွင်မှာ မြစ်အလယ်တွင် ရေနစ် နေစဉ် တံငါလုပ်ငန်းလုပ်ကိုင်သော မကွေးမြို့၊ နံကပ်ကျွန်ကျေးရွာတွင်နေသော ဦးလှိုင် အသက် (၅၀)နှစ်က ကယ်ဆယ်ခဲ့ကြောင်း မကွေးမြို့ရဲတပ်ဖွဲ့ မှသိရသည်။
ထိုသို့ ရေနစ်သေဆုံးသူ(၃)ဦးအားပြန်လည်တွေ့ရှိရန်အတွက် မကွေးမြို့ရှိ မီးသတ်တပ်ဖွဲ့ဦးစီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူး ဦးသန်းနိုင်နှင့် မီးသတ်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဝေတင်နှင့်တပ်ဖွဲ့ဝင်များက မော်တော် ရေယာဉ်များဖြင့် ကူညီရှာဖွေလျက်ရှိကြောင်းသိရသည်။