မြန်မာ ယူ-၁၉ အသင်း တိုက်စစ်ပိုင်းအားနည်းနေသေး ဟု ဂတ်ဇီဆီ ဝေဖန်

မြန်မာ ယူ-၁၉ အသင်း တိုက်စစ်ပိုင်းအားနည်းနေသေး ဟု ဂတ်ဇီဆီ ဝေဖန်
မြန်မာ ယူ-၁၉ အသင်းနှင့် ဘရူနိုင်းအသင်းတို့ပွဲတွင် မြန်မာနည်းပြ ဂတ်ဇီဆီအား တွေ့ရစဉ် (ဓာတ်ပုံ- ရွှေဘုတ်)

အောက်တိုဘာ ၁၊ ရန်ကုန်။           ။ အာရှ ယူ-၁၉ ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားနေသည့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းအနေဖြင့် အုပ်စုအဖွင့်ပွဲတွင် ဘရူနိုင်းအသင်းကို ၄-ဝဂိုးဖြင့် အနိုင်ရခဲ့သော်လည်း တိုက်စစ်ပိုင်းအားနည်းနေသေးသည် ဟု နည်းပြ ဂတ်ဇီဆီဖရိုင်းဒရစ်က ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ဝေဖန်ခဲ့သည်။

မြန်မာ ယူ-၁၉ အသင်းသည် အုပ်စုအဖွင့်ပွဲတွင် ဘရူနိုင်းအသင်းကို   ခြေစွမ်းအသာဖြင့် ကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့် အမြောက်အများ ရခဲ့သော်လည်း လေးဂိုးသာ သွင်းယူထားနိုင်ခဲ့သည်။

" ဘရူနိုင်းတဲ့ပွဲ ခြေစွမ်းနဲ့ ပတ်သက်ပြီး အားမရပါဘူး။ တကယ်ဆို ဒီ့ထက် ဂိုးပိုရသင့်ပါတယ်။ ဒီပွဲမှာ ထောင့်ကန်ဘော ၂၂ ကြိမ်ကို ဂိုးအဖြစ် တစ်လုံးမှ မပြောင်းနိုင်ခဲ့ဘူး။ နောက်ပွဲမှာ အဲ့ဒီအားနည်းချက်ကို ပြင်ဆင်သွားမှာပါ။ အသင်းက တိုက်စစ်ပိုင်းအားနည်းနေပါသေးတယ်။ ပိုကောင်းလာအောင် လေ့ကျင့်ရပါဦးမယ်။ နောက်ပွဲ တီမောနဲ့ပွဲကလည်း အုပ်စုတက်ဖို့ အရေးကြီးတဲ့ ပွဲတစ်ပွဲမို့လို့ သေချာပြင်ဆင်သွားမှာပါ " ဟု ဂတ်ဇီဆီ ဖရိုင်းဒရစ်က မြန်မာအသင်းနှင့် ပတ်သက်၍ ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု (ဆ) တွင် ဘရူနိုင်း၊ တီမော၊ ဟောင်ကောင်၊ ဗီယက်နမ် စသည့် အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီး လက်ရှိတွင် တီမောအသင်းက နှစ်ပွဲကစား ရမှတ်လေးမှတ်ဖြင့် အုပ်စုအမှတ်ပေးဇယား ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly