နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လက်မှတ်ထိုးထားသော Patchwork အနုပညာ ၇၅ သိန်းဖြင့် လေလံအောင်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လက်မှတ်ထိုးထားသော Patchwork အနုပညာ ၇၅ သိန်းဖြင့် လေလံအောင်

ဇန်နဝါရီ ၃၁ ။          ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အမှတ်တရလက်မှတ်ရေးထိုးသော Patchwork လက်မှုအနုပညာအား လေလံတင် ရောင်းချခဲ့ရာ ဦးဝင်းမြင့်နှင့် အဂ္ဂမဟာသီရီသုဓမ္မသိင်္ဂီ ဒေါ်ခိုင်ခိုင်ဦး၊ မြတ်မေတ္တာမွန်ကုမ္ပဏီ မိသားစုမှ ငွေကျပ် ၇၅ သိန်းဖြင့် လေလံအောင်မြင်ခဲ့ကြောင်း သိသည်။

ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်း၌ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်အသင်းက ကြီးမှူးကျင်းပသည့် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်နှင့်ပြပွဲ၏ နောက်ဆုံးရက်ဖြစ်သော ဇန်နဝါရီလ ၃၀ ရက်တွင် လေလံတင် ရောင်းချခဲ့ခြင်း ဖြစ်သည်။

အာဆီယံအမျိုးသမီးများ ချစ်ကြည်ရေးအသင်း (Myanmar-ASEAN Women’s Friendship Association MAWFA)မှ ကြီးမှူးကာ အဆိုပါ လက်မှုအနုပညာကို သက်ဆိုင်ရာနိုင်ငံအလိုက် ရိုးရာအဆင်များဖြင့် အချိန်ယူကာ စုပေါင်းအသေးစိတ် ချုပ်လုပ် ဒီဇိုင်းပုံဖော်ထားခြင်း ဖြစ်သည်။

အဆိုပါ Patchwork အနုပညာကို အာဆီယံအမျိုးသမီး ချစ်ကြည်ရေးအသင်း၏ ဂုဏ်ထူးဆောင် နာယကများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် အသင်းအဖွဲ့ဝင်များ ဖြစ်သော ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ အာဆီယံနိုင်ငံများမှ အမျိုးသမီး သံအမတ်ကြီးများ၊ သံအမတ်ကြီးများ၏ဇနီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာထမ်းများ၏ ဇနီးများနှင့် သံတမန်ဝန်ထမ်းများက ပူးပေါင်းချုပ်လုပ်ထားခြင်း ဖြစ်သည်။

အဆိုပါ လေလံတင်ရောင်းချငွေ ၇၅ သိန်းအား ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက် ရေးအသင်းသို့ ပေးအပ်လှူဒါန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly