အစိုးရနဲ့ ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ တာလီဘန်တွေကို အာဖဂန််နစ္စတန်သမ္မတ ဆော်သြ

အစိုးရနဲ့ ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ တာလီဘန်တွေကို အာဖဂန််နစ္စတန်သမ္မတ ဆော်သြ

ကဘူးလ်၊ ဇန်နဝါရီ ၂၉ ။          ။ အစိုးရနဲ့ လေးနက်တဲ့ ဆွေးနွေးပွဲတွေဆီ တာလီဘန်တွေ ပါဝင်သင့်ကြောင်း အာဖဂန်နစ္စတန် သမ္မတ ဂါနီက တနင်္လာနေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ကာတာမှာ တာလီဘန်တွေနဲ့ အမေရိကန် ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲတွေမှာ အလားအလာကောင်းတွေ ရှိခဲ့ပြီးနောက်မှာ အာဖဂန်သမ္မတက ဆော်သြပြောဆိုလာတာလည်း ဖြစ်ပါတယ်။

အမေရိကန်နဲ့ တာလီဘန်တွေဟာ ဒိုဟာမှာ ခြောက်ရက်တာ အစည်းအဝေး ကျင်းပကြခဲ့ပါတယ်။ အာဖဂန်အစိုးရနဲ့ စေ့စပ်ဆွေးနွေးရေးအတွက် တာလီဘန်တွေကို အမေရိကန်ဟာ လများစွာ သံတမန် တွန်းအားပေးနေခဲ့တာကို ဒီအစည်းအဝေးမှာ တွန်းတင်ပြီး အားပေးအားမြှောက် ပြုခဲ့ပါတယ်။

ဒါပေမယ့် တာလီဘန်တွေကတော့ အာဖဂန်အစိုးရကို ရုပ်သေးအစိုးရလို့ နာမည်တပ်ပြီး ၁၇ နှစ်တာ ပဋိပက္ခအဆုံးသတ်ဖို့ အာဖဂန်အစိုးရနဲ့ စေ့စပ်ဆွေးနွေးရမှာကို ရေရှည် ငြင်းဆန်နေခဲ့တာပါ။

“တာလီဘန်တွေကို ကျွန်တော် တိုက်တွန်းပါတယ်။ သူတို့ရဲ့ အာဖဂန်စိတ်ထားကို ပြသပါ။ ငြိမ်းချမ်းရေးအတွက် အာဖဂန်ရဲ့ လိုလားချက်ကို လက်ခံပါ။ အာဖဂန်အစိုးရနဲ့အတူ လေးနက်တဲ့ ဆွေးနွေးပွဲတွေမှာ ဝင်ပါကြပါ။”လို့ ကဘူးလ်မှာရှိတဲ့ သမ္မတအိမ်တော်ရာကနေ နိုင်ငံကို ပြောကြားတဲ့ မိန့်ခွန်းမှာ သမ္မတ ဂါနီက ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်နဲ့ တာလီဘန်တို့ရဲ့ ကာတာက ဆွေးနွေးပွဲတွေမှာ အာဖဂန်နစ္စတန်ကို ချန်ထားခဲ့တာအတွက် အာဖဂန်အစိုးရဟာ မကျေမနပ်ဖြစ်ကြောင်း ယခင်က ထုတ်ဖော်ပြသဖူးပြီး အမေရိကန်နဲ့ တာလီဘန်တွေကြားက ဘယ်လိုသဘောတူညီမှုမျိုးမဆို အာဖဂန်ရဲ့ ထောက်ခံချက် ရှိရမှာဖြစ်တယ်လို့ သတိပေး ပြောဆိုထားဖူးပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly