ဇန်နဝါရီ ၂၄ ။ ။ သြစတြေးလျနိုင်ငံမှာ အပူချိန်ပြင်းထန်လွန်ကဲလျက်ရှိရာ ယနေ့မှာတော့ သြစတြေးလျတောင်ပိုင်းဒေသတစ်လျှောက်ရဲ့ အပူချိန်ဟာ ၄၉ ဒီဂရီဆဲလ်စီးယပ်စ်ကျော်အထိ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
Adelaide မြို့မြောက်ဘက်ခြမ်းရဲ့ အပူချိန်ဟာ ၄၉ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ် (၁၂၀ ဖာရင်ဟိုက်)ရှိနေပြီး Adelaide မြို့ထဲမှာ အပူချိန် ၄၇ ဒသမ ၇ ဆဲလ်စီးယပ်စ်ရှိနေတာဖြစ်ပါတယ်။
ယင်းကဲ့သို့ အပူချိန်ပြင်းထန်လွန်ကဲမှုဟာ ၁၉၃၉ ခုနှစ်နောက်ပိုင်းမှာမှ မကြုံစဖူးကြုံရတဲ့ အခြေအနေတစ်ခုဖြစ်ကြောင်း မိုးလေဝသသတင်းဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
သြစတြေးလျတောင်ပိုင်းမှာရှိတဲ့ အခြားမြို့ ၁၃ မြို့မှာလည်း အပူချိန်တွေပြင်းထန်လွန်ကဲလျက်ရှိပြီး ဒေသခံတွေဟာ အပူချိန်ကို အံတုဖို့ ကမ်းခြေတွေ၊ စျေးဝယ်စင်တာတွေမှာ အပန်းဖြေလျက်ရှိတယ်လို့ သိရပါတယ်။
ယမန်နေ့က သိသိသာသာပူပြင်းလာတဲ့ ရာသီဥတုကြောင့် ဆေးရုံတက်ရတဲ့ လူနာ ၄၄ ယောက်ရှိကြောင်း၊ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေရဲ့ ကျန်းမာရေးကို ပိုပြီးဂရုစိုက်ပေးကြဖို့ လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့မနက်ပိုင်းမှာပဲ ထုတ်ပြန်ကြေညာထားပါတယ်။
သြစတြေးလျတောင်ပိုင်းက Red Lion ဟိုတယ်မှာတော့ အပူချိန် ၄၅ ဒီဂရီကို အံတုနိုင်ဖို့ အများပြည်သူကို ဘီယာအခမဲ့သောက်သုံးခွင့် ပေးထားတယ်လို့ သိရပါတယ်။
တိရိစ္ဆာန်ရုံတွေမှာလည်း တိရိစ္ဆာန်တွေစားသုံးဖို့ အေးစက်နေတဲ့ အစာတွေကျွေးနေသလို Wallaby သားပိုက်ကောင်တွေကို ရေခဲတုံးကျွေးတာမျိုးတွေ ပြုလုပ်ပေးလျက်ရှိပါတယ်။
ဒါအပြင် SunCity ဘတ်စ်ကားတွေကိုလည်း ပြေးဆွဲခြင်းမပြုတော့ဘဲ ရပ်ဆိုင်းထားတဲ့အတွက် ဒေသခံတချို့ဟာ ရထားပဲစီးနေရတယ်လို့ သိရပါတယ်။
အပူချိန်အလွန်အမင်းပြင်းထန်လွန်ကဲမှုကြောင့် တောမီးလောင်စေနိုင်တဲ့အတွက် မီးဘေးမဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ အရေးပေါ်ဝန်ဆောင်မှုတွေကို ပြုလုပ်ထားမယ်လို့ သြစတြေးလျအာဏာပိုင်တွေက ပြောပါတယ်။