ပျောက်ဆုံးနေတဲ့ ကာဒစ်ဖ်ကစားသမား ဆာလာအတွက် ရှာဖွေရေး ပြန်လည်စတင်

ပျောက်ဆုံးနေတဲ့ ကာဒစ်ဖ်ကစားသမား ဆာလာအတွက် ရှာဖွေရေး ပြန်လည်စတင်
Photo: AFP

အင်္ဂလိပ်ရေလက်ကြားမှာ ပျောက်ဆုံး လေယာဉ်ပေါ်ပါရှိသွားတဲ့ ပရီးမီးယားလိဂ်ကစားသမားနဲ့ လေယာဉ်မှူးတို့အတွက် ရှာဖွေမှုတွေ ပြန်လည်စတင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၈ နှစ်ရှိ ကာဒစ်ဖ်အသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး အီမီလီယာနို ဆာလာနှင့် လေယာဉ်မှူး ဒေးဗစ် အီဘစ်ဆွန်တို့ဟာ အင်ဂျင်တစ်လုံးတပ် Piper Malibu လေယာဉ်ငယ်နဲ့ ပြင်သစ်မှ ကာဒစ်ဖ်သို့ ပျံသန်းလာခဲ့ပြီး တနင်္လာနေ့ညမှာ ချန်နယ်ကျွန်းစုထဲက ဂါဇီးကျွန်းမြောက်ဖက် ကီလိုမီတာ ၂၀ ဝန်းကျင်ကနေ အဆိုပါလေယာဉ်မှာ ရေဒါအဆက်အသွယ် ပြတ်တောက်ကာ ပျောက်သွားခဲ့တာဖြစ်ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေဟာ ကြာသပတေးနေ့က ဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက် ဆက်လက်ရှာဖွေဖို့ ဆုံးဖြတ်ချက်ခဲ့ပြီး ကမ်းရိုးတန်းနေရာတွေက အဓိကထား ရှာဖွေသွားမယ်လို့ ဆိုပါတယ်။

“ကမ်းရိုးတန်းရှာဖွေမှုတွေ ကျနော်တို့ စတင်နေပါပြီ။”လို့ ဂါဇီးရဲတပ်ဖွဲ့က တွစ်တာမှာ ပြောဆိုထားပြီး ရှာဖွေရေးလေယာဉ်နဲ့ အသုံးပြုရှာဖွေနေကြောင်းလည်း ဆိုပါတယ်။ 

ဂါဇီးရဲတပ်ဖွဲ့ကတော့ လေယာဉ်ရဲ့ တစ်စုံတစ်ရာဘာသဲလွန်စမှ ရှာမတွေ့သေးကြောင်း ပြောပါတယ်။

“လက်ရှိအချိန်မှာ ပင်လယ်ရေက အရမ်းအေးခဲနေပါတယ်။ ပင်လယ်ရဲ့ အခြေအနေတွေက ဒီနေရာမှာ အရမ်းကြမ်းတမ်းပြီး လေတိုက်မှုကလည်း အရမ်းအားကောင်းနေပါတယ်။”လို့ Channel Island Air Search အကြီးအကဲအရာရှိ John Fitzgerald က AFP ကို ပြောပါတယ်။

“အဲဒီနေရာမှာ အလွန်ကြံ့ခိုင်မာကျောတဲ့သူတောင် ကြာမြင့်ရှည်လျားလှတဲ့ အချိန်အတွင်းမှာ ဒီလိုအခြေအနေမျိုးမှာ သူတို့ အသက်ရှင်ဖို့ တကယ်ပဲ ခက်ခဲဖို့ ရှိပါတယ်။”လို့ သူက ပြောပါတယ်။

ဒါပေမယ့်လဲ ပြီးခဲ့တဲ့ စနေနေ့က ကာဒစ်ဖ်အသင်းနှင့် စာချုပ်ခဲ့တဲ့ ဆာလာကို အသက်ရှင်လျက် တွေ့ရှိရန်မှာမူ မျှော်လင့်ချက်နည်းပါးနေပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly