ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်ကို ကြားဖြတ်သမ္မတအဖြစ် အမေရိကန်နှင့် ဒေသတွင်းနိုင်ငံတစ်ချို့ အသိအမှတ်ပြု

ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်ကို ကြားဖြတ်သမ္မတအဖြစ် အမေရိကန်နှင့် ဒေသတွင်းနိုင်ငံတစ်ချို့ အသိအမှတ်ပြု

ဇန်နဝါရီ ၂၄ ။             ။ နိုင်ငံရေးအခြေအနေ ရှုပ်ထွေးနေတဲ့ ဗင်နီဇွဲလားမှာတော့ အမျိုးသားလွှတ်တော် ခေါင်းဆောင်သစ် ဟွမ် ဂွာဒိုက ၎င်းဟာ လက်ရှိအချိန်မှာ နိုင်ငံရဲ့ ကြားဖြတ်သမ္မတ ဖြစ်ကြောင်း ဇန်နဝါရီ ၂၃ ရက်မှာ ကြေညာသွားခဲ့ပါတယ်။

ဒါဟာ သမ္မတ နီကိုလပ်စ် မာဒူရိုကို ဖြုတ်ချဖို့ အတိုက်အခံတွေဘက်က ကြိုးပမ်းနေစဉ် ခုလိုမျိုး အတိုက်အခံအုပ်စု ခေါင်းဆောင် ဖြစ်သူရဲ့ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

ချက်ချင်း ဆိုသလို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဟွမ် ဂွာဒိုကို ဗင်နီဇွဲလား ကြားဖြတ်သမ္မတအဖြစ် အသိအမှတ်ပြုပါကြောင်းနဲ့ မာဒူရိုကတော့ တရားမဝင်တော့ကြောင်း ထုတ်ဖော်ကြေညာလာခဲ့ပါတယ်။

အမေရိကန်လိုပဲ ဘရာဇီး၊ ကိုလံဘီယာ၊ အာဂျင်တီးနားနဲ့ ပီရူး တို့အပါအဝင် တောင်အမေရိက နိုင်ငံတွေကလည်း အသက် ၃၅ နှစ်အရွယ် မစ္စတာ ဂွာဒိုကို ဗင်နီဇွဲလားရဲ့ တရားဝင် သမ္မတအဖြစ် အသိအမှတ်ပြုကြောင်း ထုတ်ဖော်ခဲ့ကြပါတယ်။

ဒါ့အပြင် ယင်းနိုင်ငံမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ပြန်ကျင်းပဖို့ အီးယူ ကလည်း တိုက်တွန်းခဲ့ပြန်ပါတယ်။

နိုင်ငံ စီးပွားရေးအခြေအနေ ဆိုးဆိုးဝါးဝါး ကျဆင်းသွားခဲ့ရတဲ့ နှစ်ကာလတွေမှာ နိုင်ငံကို အုပ်ချုပ်နေခဲ့တဲ့ သမ္မတ နီကိုလပ်စ် မာဒူရိုအပေါ် ပြည်သူအများအပြား ဆန့်ကျင်ကန့်ကွက်နေကြစဉ် ယခုလို အခြေအနေတွေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

အတိုက်အခံတွေဘက်က သပိတ်မှောက်ခဲ့ပြီး မဲမသာမှုတွေလည်း ရှိခဲ့တယ်ဆိုတဲ့ ရွေးကောက်ပွဲတစ်ခု ယင်းနိုင်ငံမှာ ကျင်းပခဲ့ပြီးနောက် သမ္မတ မာဒူရိုကတော့ ယခုလကထဲကပဲ ဒုတိယသက်တမ်းအတွက် ကျမ်းကျိန်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မစ္စတာ မာဒူရိုဟာ နိုင်ငံမှာ သမ္မတ တာဝန်ဆက်ယူဖို့ တရားမဝင်တော့ဘူးဆိုကာ ရာထူးကနေ ဆင်းပေးဖို့ ၀ိုင်းဝန်းတောင်းဆိုမှုတွေရှိနေပေမယ့် ဆင်းပေးဖို့ ငြင်းဆန်နေခဲ့တာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ အတိုက်အခံခေါင်းဆောင်ကို သမ္မတအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာခဲ့တဲ့ အမေရိကန်ကို တုန့်ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ ဗင်နီဇွဲလားအကြား သံတမန် ဆက်ဆံရေး ဖြတ်တောက်ကြောင်းနဲ့ သံရုံးအမှုထမ်းတွေကို ၎င်းရဲ့ နိုင်ငံထဲကနေ ၇၂ နာရီအတွင်း ထွက်သွားကြဖို့ မစ္စတာ မာဒူရိုက ပြောထားတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly