ရန်ကုန်၊ စက်တင်ဘာ ၃၀။ ။ လိပ်ကျွန်းအမှုတွင် တရားလိုအဖြစ် စွဲချက်တင်ထားသည့် ထိုင်းရဲတပ်ဖွဲ့၏သက်သေနှင့် အင်္ဂလန်မှုခင်း ဆရာဝန်၏ တရားခွင်ထွက်ဆိုချက်တို့ ကွဲလွဲနေသည်ဟု လိပ်ကျွန်းအမှုကို ကူညီဆောင်ရွက်နေသူ ရှေ့နေဦးအောင်မျိုးသန့်က စက်တင်ဘာ ၃၀ရက်တွင် မဇ္ဈိမကိုပြောသည်။
သေဆုံးသူ အင်္ဂလန်နိုင်ငံမှ ဟန်နာ၏ရုပ်အလောင်းကို အင်္ဂလန်နိုင်ငံတွင် ထပ်မံစစ်ဆေးရသည့် မှုခင်းဆရာဝန်ကယ်ရီက ၎င်း စစ်ဆေးတွေ့ရှိမှုကို ရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်ပေးနေသည့် ဟန်ဒီဟောမှ တစ်ဆင့် တရားရုံးတရားခွင်တွင် တယ်လီဖုန်းမှတစ်ဆင့် ထွက်ဆိုခဲ့ခြင်းဟု ဆိုသည်။
"ဟန်နာအင်္ဂါနဲ့ စအိုကြားမှာ မတရားကျင့်လို့ အနာဖြစ်တယ်လို့ ထိုင်းရဲက တင်ခဲ့တာ။ အမှန်အဲဒီနေရာမှာ အနာမရှိခဲ့ဘူးလို့၊ ကယ်ရီက ဖုန်းကတစ်ဆင့် ပြန်ဖြေခဲ့တယ်။ အဲဒီဟာကလည်း ကွဲလွဲမှုပဲ၊ ထိုင်းရဲက သေဒဏ် ချနိုင်တဲ့အမှုကို တင်ပြတဲ့ သက်သေက သေချာစိစစ်ထားတာ မဟုတ်ဘူးဆိုတာကို ပေါ်လွင်တယ်" ဟု ဦးအောင်မျိုးသန့်ကပြောသည်။
ကော့စမွေခရိုင် တရားရုံးက ထိုင်းရဲဖက်မှ တင်ပြသည့်သက်သေများကို စက်တင်ဘာ ၁၉ရက်မှ ၂၄ရက်အထိ စစ်ဆေးခဲ့ပြီး အောက်တိုဘာ ၁၀ရက် တရားခံဟုယူဆထားသူ ဇော်လင်းထွန်းနှင့် ဝေဖြိုးတို့ကို ထပ်မံစစ်ဆေး မည်ဖြစ်သည်။
လိပ်ကျွန်းအမှုအတွက် မြန်မာနိုင်ငံဖက်က ဆောင်ရွက်သည့်အဖွဲ့က ကော့စမွေ တရားရုံးသို့ သက်သေ ၃၁ဦးထိ တင်ပြထားပြီး ထိုင်းရဲတပ်ဖွဲ့ဖက်က ၆၅ဦးနှင့် အခြားကျူးလွန်သည်ဟု ယူဆရသည့်နေရာမှ တွေ့ရှိရသည့် ပစ္စည်း သက်သေများကို တင်ပြထားသည်။ မြန်မာအဖွဲ့မှ တင်ပြထားသည့် သက်သေ ၃၁ဦးမှ ၁၄ဦးထိ စစ်ဆေးပြီးကာ၊ ထိုင်းဖက်မှ သက်သေ ၆၅ဦးမှ ၃၅ဦးကို စစ်ဆေးပြီးဖြစ်သည်။
လိပ်ကျွန်းအမှုမှ စွပ်စွဲခံရသူ မြန်မာနှစ်ဦးအရေးကို မြန်မာသံရုံး ဝန်ထမ်းအချို့နှင့် ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်ပေးနေသည့် MAT Myanmar Association in Thailand အဖွဲ့ဝင်တို့ ပူးပေါင်းကာ ဆောင်ရွက်ပေး နေပြီး စတင်ဆောင်ရွက်ချိန်မှ လက်ရှိအချိန်ထိ အမှုကုန်ကျစားရိတ် ဘတ် ၂သန်းခန့်မှန်းကုန်ကျနေပြီဟု MAT အဖွဲ့ဝင် ဦးအောင်မျိုးသန့်မှသိရသည်။
အမှု ကုန်ကျစားရိတ်များကို လွှတ်တော်မှလှူဒါန်းသည့် ဒေါ်လာ ၁၇၀၀၀ (သိန်း ၁၇၀)၊ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က အမေရိကန်ဒေါ်လာ ၅၀၀၀ တို့မှသုံးစွဲခြင်းဖြစ်ပြီး၊ လိုအပ်သည့်ငွေကြေးတို့ကို သံရုံးနှင့် MAT အဖွဲ့မှ အမှုလိုက်ပါ ဆောင်ရွက်ပေးသူများက စိုက်ထုတ်သုံးစွဲသည်ဟု ဆိုသည်။
အမျိုးသားလွှတ်တော်က အမှုရင်ဆိုင်ရာတွင် အသုံးပြုရန် လှူဒါန်းသည့် သိန်း ၃၀၀ကို အမှုရင်ဆိုင်ရာသို့ သိန်း ၁၇၀ အသုံးပြုပြီး ကျန်ရှိသည်များကို ဇော်လင်းထွန်းနှင့် ဝေဖြိုးတို့၏ မိဘများ သွားလာစားရိတ်၊ ဆေးကုသ စားရိတ်များတွင်သုံးစွဲသည်ဟု သံရုံးအဖွဲ့မှ သိရသည်။