သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစင်တာတွင်သာ နေထိုင်ရန် ဆုံးဖြတ်ထားသည့် တရုတ်ပြည်ရှိ သက်ကြီးပိုင်း သူဌေးများ

သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစင်တာတွင်သာ နေထိုင်ရန် ဆုံးဖြတ်ထားသည့် တရုတ်ပြည်ရှိ သက်ကြီးပိုင်း သူဌေးများ

ဇန်နဝါရီ ၂၂ ။             ။ တရုတ်ပြည်က အငြိမ်းစားစစ်ဗိုလ်တွေ၊ ရုပ်ရှင်ဒါရိုက်တာကြီးတွေ၊ အငြိမ်းစား တက္ကသိုလ် ပါမောက္ခကြီးတွေဟာ ပေကျင်းမြို့က ရန်ရွမ် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစင်တာမှာ အကသင်တန်းတွေ တက်ရောက်လျက်ရှိသလို ကိုယ်လက်လှုပ်ရှားအားကစားလည်း ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

မိသားစုတစ်စုမှာ ကလေးတစ်ယောက်သာယူရတဲ့ စနစ်ကြောင့် သားသမီးတွေကို မပူပင်စေလိုတဲ့၊ ချမ်းသာကြွယ်ဝတဲ့ သက်ကြီးပိုင်းအများစုဟာ ယခုလို သင်တန်းတွေတက်ရောက်ပြီး ဒီနေရာမှာပဲ အချိန်ကုန်ဆုံးသွားဖို့ ရည်ရွယ်ထားကြတာဖြစ်ပါတယ်။

“ဒါကျွန်မတို့အိမ်ဖြစ်သွားပြီ။ ဒီခေတ်မှာ လူကြီးတွေကလည်း ကလေးတွေအပေါ်မမှီခိုချင်ကြတော့ဘူး။ ဒီမှာပဲ သေတဲ့အထိနေသွားဖို့ ဆုံးဖြတ်ထားတယ်။”လို့ စစ်တပ်မှာ အနှစ်သုံးဆယ်ကျော် အမှုထမ်းလာတဲ့ အသက် ၇၁ နှစ်အရွယ်ရှိ လီယင်က ပြောပါတယ်။

“သူတို့ကို ကျွန်တော်အားကိုးလို့မဖြစ်ဘူး။ သူတို့မှာ သူတို့မိသားစုနဲ့သူတို့ရှိနေပြီ။ သူတို့က ခင်ဗျားကို စောင့်ရှောက်ဖို့ အချိန်မပေးနိုင်ဘူး။ ပိုက်ဆံမရှိဘူး။ အားအင်မရှိဘူး။”လို့ အသက် ၈၂ နှစ်ရှိပြီဖြစ်တဲ့ အငြိမ်းစားပါမောက္ခ ကျူမင်ကျီက ပြောပါတယ်။

ရန်ရွမ် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစင်တာမှာ ဆေးရုံပါဝင်ပြီး သက်ကြီးပိုင်းတွေကို စောင့်ရှောက်ဖို့ ဝန်ထမ်းတွေ အလုံအလောက်ထားရှိထားတယ်လို့ သိရပါတယ်။

အဆိုပါစင်တာမှာ လာရောက်နေထိုင်လိုတဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ ပင်စင်အစီအစဉ်ကို ယွမ် နှစ်သန်း (ဒေါ်လာ ၂၉၀၀၀၀) နဲ့ဝယ်ယူနိုင်သလို တစ်လကို ယွမ် ၆၀၀၀ (ဒေါ်လာ ၈၇၀) ပေးချေနိုင်တယ်လို့ သိရပါတယ်။ သို့ပေမယ့် အဆိုပါစရိတ်မှာ စားစရိတ်မပါဝင်သေးဘူးလို့ သိရပါတယ်။

တစ်မိသားစုမှာ ကလေးတစ်ယောက်သာယူရမယ်ဆိုတဲ့ တရုတ်ပြည်ရဲ့စနစ်အရ သားသမီးတွေဟာ မောင်နှမတွေရဲ့ အကူအညီမပါဘဲ မိဘတွေကို ကိုယ်တတ်စွမ်းသလောက် ပြန်လည်ပြုစုစောင့်ရှောက်နေရတာဖြစ်ပါတယ်။

အဆိုပါအခက်အခဲတွေကို ဖြေရှင်းဖို့အတွက် တရုတ်အစိုးရကလည်း မူဝါဒအသစ်တွေ စမ်းသပ်ကျင့်သုံးလျက်ရှိပြီး သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစင်တာတွေကို အခွန်သက်သာခွင့်တွေ ပေးထားကြောင်း သိရှိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly