ဘာလီကျွန်းဗုံးခွဲမှု နောက်ကွယ်က ပါဝင်ခဲ့သူ ဘာသာရေးခေါင်းဆောင်ကို ပြန်လွှတ်ပေးမည့်ကိစ္စ အင်ဒိုနီးရှား ပြန်သုံးသပ်မည်

ဘာလီကျွန်းဗုံးခွဲမှု နောက်ကွယ်က ပါဝင်ခဲ့သူ ဘာသာရေးခေါင်းဆောင်ကို ပြန်လွှတ်ပေးမည့်ကိစ္စ အင်ဒိုနီးရှား ပြန်သုံးသပ်မည်

ဇန်နဝါရီ ၂၂ ။             ။ ၂၀၀၂ ခုနှစ် ဘာလီကျွန်း ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အစွန်းရောက်မွတ်ဆလင် ဘာသာရေးခေါင်းဆောင်တစ်ဦးကို အကျဉ်းထောင်ကနေ စောလျင်စွာ ပြန်လွှတ်ပေးမယ့် ဆုံးဖြတ်ချက်အပေါ် ပြန်လည်သုံးသပ်စစ်ဆေးဖို့ အင်ဒိုနီးရှားသမ္မတက ဇန်နဝါရီ ၂၂ ရက်မှာ ညွှန်ကြားလိုက်ပါတယ်။

ဒါဟာ နိုင်ငံသမိုင်းမှာ အဆိုးဝါးဆုံး ဗုံးခွဲတိုက်ခိုက်မှုကြီးရဲ့ နောက်ကွယ်ကနေ အဓိကကြိုးကိုင်ပတ်သက်ထားခဲ့သူ တစ်ဦးကို  ပြန်လွှတ်ပေးတော့မယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထွက်ပေါ်လာပြီးနောက် အပြင်းအထန် ဝေဖန်ပြစ်တင်မှုတွေနဲ့အတူ သြစတြေးလျ ဝန်ကြီးချုပ်ဆီက ဖိအားပေးမှုပါ ပေါ်ပေါက်ခဲ့ပါတယ်။

ယခုအခါ အသက် ၈၀ နှစ်ရှိ အစွန်းရောက် ဘာသာရေးခေါင်းဆောင် အဘူ ဘက်ကာ ဘတ်ရှာကို အသက်အရွယ်ကြီးရင့်လာပြီး ကျန်းမာရေးယိုယွင်းလာနေမှုကို ထောက်ထားကာ စောစီးစွာ ပြန်လွှတ်ပေးမယ်ဆိုပြီး အင်ဒိုသမ္မတ ဂျိုကိုဝီ ဒိုဒိုက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်မှာ ကြေညာထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ယင်းကြေညာချက်နောက်ပိုင်း အင်ဒိုနီးရှားအနေနဲ့ သြစတြေးလျအပေါ် လေးစားမှု ထားဖို့ သြစတြေးလျ ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်က ပန်ကြားခဲ့ပါတယ်။

ဘာလီကျွန်း ဗုံးခွဲမှုမှာ လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့တာဖြစ်ပြီး အများစုကတော့ သြစတြေးလျနိုင်ငံသားတွေဖြစ်ပါတယ်။

ယနေ့ ဇန်နဝါရီ ၂၂ ရက်မှာတော့ ယင်း ပြန်လွှတ်မယ့် ကိစ္စကို ပြန်လည်သုံးသပ်စစ်ဆေးဖို့ အစိုးရဘက်က ညွှန်ကြားထားကြောင်း အင်ဒို လုံခြုံရေးဝန်ကြီး ဝီရန်တိုက ပြောပါတယ်။

" ခုကိစ္စမှာ ပြန်သုံးသပ်ဖို့ ပန်ကြားမှုတွေ ရှိလာတဲ့အတွက် ဒါကို အသေးစိတ် ပိုပြီး စေ့စေ့စပ်စပ် ပြန်သုံးသပ်ဖို့ သမ္မတက သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ပါတယ်"လို့ ဝီရန်တိုက ပြောပါတယ်။

ဘာသာရေးခေါင်းဆောင် ဘတ်ရှာကတော့ အစ္စလမ္မစ် စစ်သွေးကြွအဖွဲ့ ဂျမားအစ္စလာမ်မီယာရဲ့ ထိပ်တန်းခေါင်းဆောင်အဖြစ် ရှုမြင်ခံခဲ့ရသူဖြစ်ကာ ၎င်းကိုတော့ အာချေးပြည်နယ်က အကြမ်းဖက်လေ့ကျင့်ရေးစခန်းတွေနဲ့ ဆက်နွယ်ပတ်သက်မှုနဲ့ ၂၀၁၀ တုန်းက ထောင် ၁၅ နှစ် ချမှတ်ထားတာဖြစ်ပါတယ်။

အဆိုပါ ဂျမားအစ္စလာမ်မီယာ အကြမ်းဖက်အဖွဲ့ကတော့ ၂၀၀၂ ခုနှစ်က လူ ၂၀၀ ကျော် သေဆုံးခဲ့ရတဲ့ ဘာလီကျွန်း ဗုံးဖောက်ခွဲမှုနဲ့ အင်ဒိုနီးရှားနိုင်ငံအတွင်းက တခြားသော အကြမ်းဖက် တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်ကနေ ပါဝင်ထားခဲ့တယ်လို့ စွပ်စွဲခံရတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly